မြိတ်တွင် လျှပ်စစ်မီတာခများ ဆက်တိုက်မြင့်တက်၊ တစ်ယူနစ် ၉‌၄၇ ကျပ်အထိရောက်ရှိ

0
769

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းဆက်တိုက် မြင့်တက်လာရာ ယခု(ဇူလိုင်)လအတွက် တစ်ယူနစ်လျှင် ၉၄၇ ကျပ်အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်မီးသုံးစွဲသူများထံမှ သိရသည်။

မီတာခများမှာ ယခုနှစ်ဆန်းပိုင်းတွင်မှ စတင်မြင့်တက်လာခြင်းဖြစ်ပြီး ဇန်နဝါရီလက မီတာခ တစ်ယူနစ်လျှင် ၄၇၈ ကျပ်၊ ဖေဖေါ်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ပေးဆောင်ခဲ့ရသည်။

ဧပြီလတွင်မူ တစ်ယူနစ်လျှင် ၇၃၀ ကျပ်သို့ ကျဆင်းသွားသော်လည်း မေလတွင် ၈၄၅ ကျပ်၊ ဇွန်လတွင် ၈၉၇ ကျပ်နှင့် ဇူလိုင်တွင် ၉၄၇ ကျပ် အထိဆက်တိုက်တက်လာကြောင်း လျှပ်စစ်မီးသုံးစွဲများက ဆိုသည်။

“မီတာခတစ်ခုတည်း မဟုတ်ဘူး စက္ကူဈေးတွေလည်း ကပ်လီကပ်လပ်( ဈေးနှုန်းအဆမတန် ထိုးတက်ခြင်း) တက်တာပဲလေ၊ နောက်ပိုင်းတော့ ခေါင်းထဲ သိပ်မထည့်တော့ဘူး နင်တက်ရင် တို့လည်းလိုက်တက်ပေါ့ ဒါပဲရှိတာ” ဟု မြိတ်မြို့ရှိ စာစီစာရိုက် မိတ္တူကူးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ စာစီစာရိုက် မိတ္တူကူးလုပ်ငန်းတွင် လျှပ်စစ်မီတာခ လစဉ် ပျမ်းမျှ ကျပ်တစ်သိန်းငါးသောင်းမှ နှစ်သိန်းဝန်းကျင်အထိ ပေးဆောင်နေရကြောင်း ၎င်းကဆိုသည်။

” ဈေးမတက်တာဆိုလို့ ဘာတစ်ခုမှ မရှိတော့ဘူး ဈေးတွေတက်တော့ ရတဲ့ငွေနဲ့ မလောက်တော့ ကြာရင် ဆင်းရဲသားတွေ ငတ်ပြတ်တော့မယ့် ကိန်းပဲ ” ဟု မြိုသစ်ရပ်ရှိ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans Co. , Ltd က ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

မီတာခဈေးနှုန်း အတက်အကျဖြစ်နေရခြင်းမှာ ဒီဇယ်လောင်စာဆီဈေးနှုန်း အတက်အကျအပေါ်မှုတည်ပြီး ကောက်ခံနေရခြင်းဖြစ်ကြောင်း Petro & Trans Co. , Ltd တာဝန်ရှိသူတို့က ပြောဆိုထားသည်။

သို့သော် ဇူလိုင်လအတွင်း လျှပ်စစ်လောင်စာဆီများ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ငါးသိန်းနီးပါးအထိသာရှိကြောင်း မြိတ်စက်သုံးဆီဈေးကွက်မှ သိရသည်။