သရက်ချောင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
1153

သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၉) မွန်းလွဲ ၁ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၆ နှစ်အရွယ် လားလား (ခေါ်) ဦးစိုးစိုးလေးမှာ ကဇိတံတားဦးကျေးရွာအနီးရှိ ၎င်း၏ ဥယျာဉ်ခြံတွင် အမည်မသိ သေနတ်သမားတစ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“သူက တောမုဆိုးဆိုတော့ တောပစ်သေနတ်လည်းရှိတယ်။ ဟိုအရင်တခါက စစ်သားတွေကို သူလမ်းပြလုပ်ပေးဖူးလို့ အသတ်ခံရတယ်လို့ ထင်တာပဲ” ဟု မော်ရှည်ကုန်းရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဦးလားလားမှာ အနေအေးပြီး ဖော်ရွေတတ်သူဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးလားလားကို ဇွန်လ ၂၄ ရက်ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့က လမ်းပြအဖြစ်ခေါ်ဆောင်ဖူးကြောင်း ဒေသခံအချို့က ပြောသည်။

“စစ်တပ်က လမ်းပြခေါ်ဆောင်တယ်။ သူက တောထဲမှာနေပြီး အမဲပစ်စားနေတဲ့လူကိုး။ စစ်သားက သူ့သားကို ခေါ်တယ်ဆိုပြောတယ်။ သူ့သားက (လမ်းမကျွမ်း) မသိဘူးပေါ့။ သူပဲ သိတယ်ဆိုတော့ သူပဲ လိုက်ပို့ လိုက်တာ။ စစ်သားတွေခေါ်တယ်ဆိုတော့ ဘေးကြပ်နံကြပ်ဖြစ်သွားမှာပေါ့” ဟု ကဇိတံတားဦးကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

သို့သော် ဦးလားလားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇွန်လ ၂၄ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ကဇိရွာမှ ကျောက်ဖြူရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်-DDF တို့ နေ့လည်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။