လောင်းလုံး ကဒက်ငယ်ထိန်ရွာသားတစ်ဦး ပစ်သတ်ခံရ

0
330

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားတစ်ဦး ယနေ့ (ဩဂုတ် ၉) ညနေ ၄ နာရီဝန်ကျင်းက ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမျိုးဆိုသူဖြစ်ပြီး ကဒက်ငယ်ထိန်ရွာနှင့် ရွာချင်းကပ်လျက် ဝက်သားကင်ကျေးရွာ မူကြိုကျောင်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“သေနတ်ဒဏ်ရာနှစ်ချက်ထိပြီးတော့ ဆုံးသွားတယ်လို့ ပြောနေကြတယ်။ သေနတ်သံ နှစ်ချက်ကြားရလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ ညနေပိုင်းတွင် အမည်မသိ လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရွာထဲဝင်လာသည်ကို ရွာသားအချို့က သတိထားမိခဲ့ပြီး မိနစ်ပိုင်းမျှအကြာတွင် သေနတ်ပစ်သံနှစ်ချက်ကြားရကြောင်း ဝက်သားကင်ရွာသား တစ်ဦးကဆိုသည်။

ကိုမျိုးသည် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ်တပ်စွဲခဲ့ဖူးသည့် ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် နေထိုင်သူဖြစ်ပြီး ဝက်သားကင်ရွာသို့ ခြင်းခတ်လာလေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

“သူကဖဲရိုက်လေ့ရှိတယ်။ ဒီနေ့လည်း ဖဲဝိုင်းကပြန်လာပြီး‌တော့ ခြင်းခတ်ဖို့ ခြင်းဝိုင်းကိုအလာမှာ ပစ်သတ်ခံရတယ်လို့ ပြောနေတာကြားရတယ်” ဟု ပစ်သတ်ခံရသည့်နေရာသို့ ရောက်ခဲ့သူ ဒေသခံနောက်တစ်ဦးက ဆိုသည်။

လူပျို၊ လူလွတ်တစ်ဦးဖြစ်သူ ကိုမျိုးသည် အမြင်အားဖြင့် နိုင်ငံရေးကိစ္စတွင်ပါဝင်လေ့ရှိသူ မဟုတ်ကြောင်း ဒေသခံအချို့က ပြောသည်။

“နောက်ကွယ်မှာတော့ ဘာတွေလုပ်တယ်ဆိုတာ မသိနိုင်ဘူးပေါ့ဗျာ။ သေချာတာကတော့ နိုင်ငံရေးလုပ်တဲ့သူတော့ မဟုတ်ဘူး။ စကားပြောတာဆိုတာ ဘုကန့်လန့်ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲလားလို့ တွေးနေရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင် ကျေးရွာသပိတ်ကော်မတီများ အားကောင်းကောင်းဖြင့် ဆန္ဒပြသပိတ်စစ်ကြောင်းများ ထွက်နေချိန် ၂၀၂၁ ခုနှစ်က ရေဖြူကျေးရွာအုပ်စုတွင် ဒလန်ဟုစွပ်စွဲခံရသူ ၁၃ ဦး၏ အမည်စာရင်းတစ်ခု Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ဖူးပြီး ၎င်းစာရင်းတွင် ကိုမျိုးလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိ‌ရသေးပေ။

အလောင်းကိုမူ အရေးပေါ်ကားဖြင့် ထားဝယ်မြို့သို့ ညနေ ၅ နာရီခန့်က သယ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။