ကော့သောင်းတွင် လှေမီးလောင်မှု သေဆုံးသူ ငါးဦးအထိရှိလာ

0
603
ပုံစာ ယနေ့ထပ်မံရှာတွေ့ခဲ့သည့် အမျိုးသားအလောင်း ၄ လောင်းအား ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်နေစဉ် | ဓာတ်ပုံ ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့

ကော့သောင်းမြို့တွင် ဝါတန်းလှေသုံးစီးမီးလောင်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူအချို့က ပြောသည်။

ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မီးလောင်ခြင်းဖြစ်ပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူ လေးဦး ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းအား ညနေ ၅ နာရီတွင် ရပ်နားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ ဩဂုတ်လ ၉ ရက်တွင် ဆက်လက်ရှာဖွေရာ နောက်ထပ်အမျိုးသားအလောင်း လေးလောင်းကို ထပ်မံရှာတွေ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒီ‌နေ့တွေ့တဲ့ အလောင်းတွေက ပထမဆုံးမီးလောင်တဲ့လှေထဲမှာ ရှာတွေ့တာပါ။ မီးလောင်ပြီးတော့ ရေထဲကျသွားတာနေမယ်။ ဒီနေ့ ရေငုပ်ပြီးလိုက်ရှာတော့မှ ရေအောက်မှ အလောင်းတွေ ထပ်တွေ့ရတာပါ” ဟု ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။

ထို့ကြောင့် လှေမီးလောင်မှုတွင် အမျိုးသား ငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ ထပ်မံရှာတွေ့ခဲ့သည့် အမျိုးသားအလောင်း လေးလောင်းအနက် သုံးလောင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း မှန်းဆမရအောင် ရုပ်ပျက်နေပြီး ကျန်အလောင်းတစ်လောင်းသာ ရုပ်မပျက်သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

“ရှာဖွေကယ်ဆယ်ရေး အလုပ်ကိုတော့ ရပ်နားလိုက်ပြီ။ အလောင်းတွေကိုတော့ ဘယ်သူတွေမှန်း မသိသေးဘူး။ လှေပိုင်ရှင်က သူ့လှေသားစာရင်းနဲ့ တိုက်ကြည့်ပြီးမှပဲ ဘယ်သူ‌တွေလည်းဆိုတာ သိနိုင်မယ်” ဟု အလောင်းတွေကို ကော့သောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် ထက်ထက်ပိုင် ၂၇ ဝါတန်းလှေမှ ဝါယာရှော့ဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားလှေနှစ်စီးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။