တကူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

0
254

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဩဂုတ် ၇) ညနေ ၅ နာရီဝန်းကျင်က တကူကျေးရွာအုပ်စုရှိ ကော်တောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆယ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကိုးအင်းရွာဘုရားတောင်ပေါ်ကနေ လှမ်းပစ်နေတယ်လို့သိရတယ်။ ခုတော့ရပ်သွားပြီ” ဟု တကူရွာနေ အမျိုးသမီးတစ်ဦးက ယနေ့ည ၇ နာရီခွဲဝန်းကျင်က ပြောဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်သည့်နေရာနှင့် ကော်တောရွာမှာ တစ်မိုင်ခန့်ဝေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် သိန္ဒောကျေးရွာဖက်မှ တကူဖက်သို့ ပြန်ဆင်းလာခြင်းဖြစ်ပြီး ယနေ့ နေ့လယ်တွင် ရောက်ရှိလာသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုကြောင့် အထိအခိုက် ရှိမရှိကိုမူ မသိရသေးဟုလည်း ၎င်းတို့က ပြောဆိုသည်။

တကူ၊ သရဘွင်ကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့်မေလ တတိယအပတ်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများထွက်ပြေးခဲ့ရသည်။

ထွက်ပြေးခဲ့ရသည့် ဒေသခံများ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြန်လည်ရောက်ရှိလာကြပြီးနောက် ယခုလို ပစ်ခတ်မှု ပြန်ဖြစ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။