ရေးတွင် ဒေသန္တရအမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်

0
250

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပစ်ခတ်မှုများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ပြီး လုံခြုံရေးတင်းကျပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့က ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ် ဦးစီးမှူးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။

“လဝကရုံး အပစ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ အစိုးရရုံးရှိတဲ့နေရာက လမ်းတွေ အကုန်ပိတ်လိုက်တယ်။ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ (သို့မဟုတ်) မှတ်ပုံတင်မပါဘဲ နယ်ကျော်ခရီးသွားလာခွင့်မပြု၊ ရေးမြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ယာဉ်နှင့်လူ သွားလာခြင်း လုံးဝမပြုဟု ဖော်ပြသည်။

မြို့တွင်းလမ်း ၆ နေရာကိုလည်း ခွင့်ပြုထားသည့် ယာဉ်နှင့်လူမှအပ အခြား မည်သည့်ယာဉ်နှင့် လူကိုမျှ ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုဟုလည်း ထုတ်ပြန်ထားသည်။

ဆိုင်ကယ်ကိုလည်း အမျိုးသား နှစ်ဦး မစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသား လိုက်မစီးရသည့်အပြင် လုံခြုံရေး ဆောင်ရွက်နေစဉ် ယာဉ်နှင့် ဆိုင်ကယ်များ အရှိန်ဖြင့် မောင်းခြင်း၊ အစစ်ဆေးမခံဘဲ မောင်းပြေးခြင်း မပြုလုပ်ရ ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ရေးတံတားကြီးနှင့် ချောင်းတောင်တံတားပေါ် ဖြတ်သန်းပါက ယာဉ်မောင်းကလွဲပြီး ယာဉ်ပေါ် ပါသူများ လမ်းလျှောက်သွားရမည်ဖြစ်ပြီး တံတားပေါ်တွင် အကြောင်းမဲ့ မည်သည့်ယာဉ်မှ မရပ်ရ ဟုလည်း ဒေသန္တရအမိန့်တွင် ဖော်ပြသည်။

ရေးမြို့နယ်အတွင်းက ကူးတို့ရေယာဉ်များ၊ စက်တပ်ရေယာဉ်များနှင့် ပင်လယ်ပြင်ထွက်လှေများ အဝင်အထွက် အားလုံးကို သက်ဆိုင်ရာသို့ထံ သတင်းပို့ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်အချိန်တွင်သာ ကူးသန်းသွားလာရမည် ဟုလည်း ကန့်သတ်လိုက်သည်။

ညွှန်ကြားချက်များကို လိုက်နာခြင်းရှိမရှိ ဩဂုတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ် စစ်ဆေးသွားမည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပြီးနောက် ဖောက်ဖျက်ကျူးလွန်သူများကို ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ (အမိန့်ဖီဆန်မှု) အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းပုဒ်မမှာ ထောင်ဒဏ် တစ်လအထိ ချနိုင်ပြီး ငွေဒဏ်လည်းချနိုင်သည်။

“အသွားအလာ ပိုပြီး သတိထားရတော့မယ်။ လူတွေ ပစ်သတ်ခံနေရတဲ့သတင်းလည်း နေ့တိုင်းလိုလို ကြားနေရတော့ မလုံခြုံတော့ဘူး။ နှစ်ဖက်စလုံးကို ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်သတင်းပေးဟုဆိုသူများ၊ ရပ်ကျေအုပ်ချုပ်ရေးမှူးများကို ရေးဘီလူးအဖွဲ့နှင့် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိပြီး အရပ်သားထိခိုက်မှုလည်းရှိသည်။

တံတားစစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ အစိုးရရုံးများကိုလည်း မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိသည်။

အခြားတစ်ဖက်တွင်လည်း လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့တို့ကလည်း အရပ်သားပြည်သူများကို ပစ်သတ်သည့်ဖြစ်စဉ်လည်း ရှိသည်။