တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
394

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ

စစ်ဘေးရှောင် ရှစ်သိန်းကျော်ရှိလာပြီး အကူအညီပေးရန်ခက်ခဲလာ

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသည့်စစ်ဘေးရှောင် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီး ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာသည့် အကူအညီများလည်းပေးရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတဝန်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားကာကွယ်စောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း UNOCHA က ဆိုသည်။

အစားအသောက်နှင့် ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်အကူအညီပေးရန် အခက်အခဲများ ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပသို့ ထွက်ပြေးရသူလည်း လေးသောင်းကျော်ရှိသည်ဟု ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် မြန်မာထိုင်ခုံလစ်လပ်နေဆဲ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာထိုင်ခုံ လစ်လပ်နေခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို စစ်ကောင်စီက လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် အစည်းအဝေး တက်ရောက်ခွင့် မရခြင်းဖြစ်သည်။ နိုင်ငံရေးရာထူး မယူထားသူ ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။

အာဆီယံက ညှိနှိုင်းမှုများ လုပ်ဆောင်နေသည့်ကြားက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ကွက်မျက်ခဲ့သည့်အပေါ် ယင်းအစည်းအဝေးတွင် ပြစ်တင်ဝေဖန်ခဲ့ကြပြီး အာဆီယံခေါင်းဆောင်များကို စော်ကားရာရောက်သည်ဟုလည်း ပြောဆိုမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ဆရာဝန်နှင့် ပြရ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဆရာဝန်နှင့် ပြသရသည့်သတင်များ ဩဂုတ်လ ၃ ရက်နေ့က ထွက်ပေါ်လာသဖြင့် ပြည်သူလူထုကြား စိုးရိမ်မှုမြင့်တက်ခဲ့သည်။

အစားပျက်ကာ မူးလဲသလိုဖြစ်သည့်အတွက် အစောင့်များက စိုးရိမ်ကာ ဆရာဝန်နှင့် ခေါ်ပြခဲ့သည်ဟု NLD ပါတီနှင့် နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကားကာ RFA သတင်းတွင် ဖော်ပြသည်။ ဆရာဝန်နှင့် ပြသခဲ့ရသော်္လည်း ကျန်းမာရေးကောင်းသည်ဟုလည်း သတင်းတွင်ဖော်ပြကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ ခုဖြင့် တရားစွဲဆိုထားပြီး အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားကာ ကျန် ၁၃ မှုအတွက် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်သည်။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ တွင် နေပြည်တော်အချုပ်ထောင်တွင်းက သီးခြားအိမ်တစ်လုံးကို ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရွှေ့ပြောင်းခဲ့သည်။

တောင်ပေါ်မြို့ ပြင်ဦးလွင် နှစ်၃ဝအတွင်း အဆိုးဆုံးရေကြီး

ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင်ကျော်တွင် တည်ထားသည့် ပြင်ဦးလွင်မြို့၌ ဇူလိုင်လ ၃၁ ရက်နေ့က နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

မိုးအဆက်အပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် ချောင်းရေလျှံကာ ရေကြီးခြင်းဖြစ်သည်။ နေအိမ်အဆောက်အအုံများ ပျက်စီးခြင်း၊ လမ်းများ ပျက်စီးခြင်း၊ အုတ်တံတိုင်များ ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ပြီး မက်မန်းအိုးများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ရေထဲမျောပါခဲ့သည်။

ပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြရသည်။ ယင်းသို့ ရေကြီးရေလျှံခြင်းမှာ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

အာဏာသိမ်းကာလ ခြောက်လထပ်တိုး

ကာလုံအစည်းအဝေးခေါ်ကာ အာဏာသိမ်းကာလကို ခြောက်လသက်တမ်းတိုးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကို နေပြည်တော်မှာ ဇူလိုင်လ ၃၁ရက်က ခေါ်ယူပြီး အရေးပေါ်ကာလကို ခြောက်လသက်တမ်း ထပ်တိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ရေးဆွဲပြဋ္ဌာန်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကောင်စီ သက်တမ်း မှာ တစ်နှစ်ဖြစ်ပြီး ခြောက်လ သက်တမ်းနှစ်ကြိမ် တိုးမြှင့်ခွင့်ရှိသည်။ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် ခြောက်လတစ်ကြိမ် သက်တမ်းတိုးထားပြီးဖြစ်သဖြင့် ယခုတစ်ကြိမ်မှာ နောက်ဆုံးအကြိမ် ဖြစ်သည်။ ယင်းနောက် ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။

ဒေါ်လာဈေးကို ကျပ် ၂၁၀၀ ပြောင်းလဲသတ်မှတ်

အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ နှုန်းအဖြစ် စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ် လိုက်သည်။ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ လှဲလယ်ရန်လိုတော့သည်ဟုလည်း ဗဟိုဘဏ်က ကြေညာသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ကာ တစ်ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်း ပုံသေသတ်မှတ်ပြီး ဒေါ်လာဈေးကို ထိန်းချုပ်နိုင်ရန် ပြင်ပပေါက်ဈေးထက် များစွာလျှော့ချကာ ကုမ္ပဏီများကို ဗဟိုဘဏ်ထံ မဖြစ်မနေ ပေးသွင်းခိုင်းနေရာမှ ဩဂုတ်လ ၅ ရက်နေ့မှ ငွေလှဲနှုန်းကို ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်။

သို့သော်လည်း ဩဂုတ်လ ၅ ရက်နေ့ ပြင်ပပေါက်ဈေးမှာ ၂၆၀၀ ကျပ်အထိ ဈေးပေါက်နေသည်။

၁၈၅၀ ကျပ်ဖြင့် ဝယ်ယူသဖြင့် ပြည်တွင်းတွင် ဒေါ်လာလိုအပ်ချက် များစွာမြင့်တက်ခဲ့ပြီး ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရန် အခက်အခဲများစွာ ကြုံတွေ့နေသည်။

မိုင်းဖုန်းဆရာတော် အဓိဋ္ဌာန်အောင်သဖြင့် ဂူထဲက ပြန်ထွက်လာ

မိုင်းဖုန်းဆရာတော်ကြီး သုံးနှစ် သုံးလ သုံးရက်ကြာ ဂူအောင်း တရားကျင့်ကြံအားထုတ်ပြီး အဓိဋ္ဌာန်အောင်ပြီဖြစ်သဖြင့် ဩဂုတ်လ ၁ရက်နေ့တွင် ဂူထဲက ပြန်ထွက်လာသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် ကျင့်ကြံအားထုတ်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကို ရဟန်းရှင်လူ များစွာ စောင့်ကြိုပူဇော်ခဲ့ကြပါသည်။

ဂျပန်ဘာသာစကားစာမေးပွဲ လျှောက်လွှာဝယ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်

ဂျပန်ဘာသာစကား N4 Level အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာဝယ်ယူရန် လူငယ် ငါးထောင်ကျော် တန်းစီစောင့်ဆိုင်းနေချိန် လျှောက်လွှာရောင်းချမှု ရုတ်တရက် ရပ်ဆိုင်းလိုက်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ရန်ကုန် ပညာရေးတက္ကသိုလ်ရှေ့တွင် ဩဂုတ်လ ၅ ရက်နေ့ မိုးမလင်းမီကပင် လူငယ်များ တန်းစီစောင့်ဆိုင်း နေကြခြင်းဖြစ်ပြီး လူစုလူဝေးဖြစ်ပေါ်သည်ဟုဆိုကာ လျှောက်လွှာရောင်းချမှု ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ကြေညာခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားမှုကိုသာ ခွင့်ပြုတော့မည်ဟု ဆိုသည်။

ယင်းသို့ ရပ်ဆိုင်းလိုက်သည်ဟု ကြေညာပြီးနောက် တန်းစီနေသည့် လူငယ်အချို့ဒေါသထွက်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ မန္တလေးတွင်လည်း ဩဂုတ်လ ၃ ရက်နေ့က လုံခြုံရေးအကြောင်းပြကာ လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်ခဲ့သေးသည်။

အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးပြီး မလုံခြုံခြင်းကြောင့် လူငယ်များ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ပလက်ဝတွင် ကျောင်းသားများစီးလာသည့် စက်လှေ ပစ်ခတ်ခံရ


တူးမဝမှ ကျောင်းတက်ပြီး ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရဲမဝရွာက အသက် ၁၂နှစ်အရွယ် ကျောင်းသားနှစ်ဦး သေဆုံးကာ ကျောင်းသားအချို့နှင့် အသက် ၅၆နှစ်အရွယ် ကျောင်းစောင့်တစ်ဦး ဒဏ်ရာရကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

အထက်ပါကျောင်းသား၊ ကျောင်းသူများသည် တူးမရွာက အလယ်တန်းကျောင်းသို့ ကုလားတန်မြစ်ကြောင်း တစ်လျှောက် စက်လှေဖြင့်သွားကာ တက်ရောက်နေကြသူများဖြစ်သည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်။

ALP ဒုဗိုလ်မှူးကြီးကို AA ဖမ်း

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဩဂုတ်လ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့သည်။

၎င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသားတစ်ဦးကို AA က ဖမ်းဆီးသွားသည်ဟု ALP က ထုတ်ပြန်ထားသည်။ ယင်းလုပ်ရပ်သည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝ မဖြစ်သင့်သည့်လုပ်ရပ်ဟု ALP က ဆိုသည်။ ယခင်ကလည်း ပါတီခေါင်းဆောင်အချို့နှင့် ပါတီဝင် ရဲဘော်များ ဖမ်းဆီးခံထားရပြီး ၎င်းတို့ကို ပြန်လွတ်ပေးရန် တောင်းဆိုထားသည်။

AA ဘက်မူ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းသည် စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်လေ့ရှိသူဖြစ်သည်။

အဆိုတော်အီတိုး ထောင်သုံးနှစ်ချခံရ

အဆိုတော် အီတိုးကို စစ်ကောင်စီ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဩဂုတ်လ ၄ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။ အဆိုတော်အီတိုးသည် နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် အဆိုတော်အီတိုး အပါအဝင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်က မရမ်းကုန်းမြို့နယ်ရှိ အဆိုတော်အီတိုး၏နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ဖမ်းမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထောင်ချခြင်းဖြစ်သည်။

အောင်ဆန်းဂိတ်တွင် ကုန်ပစ္စည်းအတင်အချပိတ်

ရန်ကုန်မှ နယ်ဒေသများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့် အောင်ဆန်းကွင်းပတ်လည်က ကားဂိတ်ခွဲများကို ဩဂုတ်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။

နှစ်ရက်အတွင်း ဆိုင်ခန်းတွေ ပြောင်းရွှေ့ပေးရန်လည်း စစ်ကောင်စီက ကားဂိတ်တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။

ယင်းသို့ ပိတ်လိုက်သဖြင့် နိုင်ငံတဝန်းဒေသအသီးသီးသို့ ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ပို့ဆောင်ရေး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံ အဖမ်းခံရ

သရုပ်ဆောင်သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ် တရားစွဲဆိုထားကြောင်း စစ်ကောင်စီက ဩဂုတ်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုများကို အခကြေးငွေရယူ၍ Exantria အမည်ရှိ ဝက်ဘ်ဆိုက်ထံ ဖြန့်ချိသည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က) ဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ ထောင်ဒဏ် အနည်းဆုံး ၅နှစ်မှ အများဆုံး ၇နှစ်အထိ ချမှတ်နိုင်သည်။ ဇူလိုင်လအတွင်းကလည်း SSPP/SSA ဌာနချုပ်သို့သွားရောက်ခဲ့သဖြင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။