မြိတ်တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ၊ ကျပ်သိန်း ၂၆၀ကျော်ပါသွားဟုဆို

0
413

မြိတ်မြို့ ကမ်းနားလမ်းရှိ Top Mobile ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် ဩဂုတ်လ ၅ ရက်နေ့ ညအချိန်က ဖောက်ထွင်းခံရပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၆၀ကျော်ဖိုး အခိုးခံရကြောင်း ယင်းဆိုင်ထံမှ သိရသည်။

အဆိုပါ ဆိုင်အတွင်းရှိ CCTV မှတ်တမ်းအရ လူငယ်အမျိုးသား‌လေးဦးမှာ ဆိုင်အနောက်ဖက်ပေါက်မှ ဖောက်ဝင်ပြီး ဆိုင်အတွင်းရှိ ဖုန်းအပါအဝင် တန်ဖိုးရှိ ပစ္စည်းတို့အား ယူဆောင်သွားကြောင်း Top Mobile ဖုန်းအရောင်းဆိုင်ရှင်က ပြောပြသည်။

“ဖုန်းဆိုင်နဲ့ ကုန်စုံဆိုင်ပူးနေတာ၊ နှစ်ဆိုင်လုံး ဖောက်သွားတာ” ဟု ဖုန်းအရောင်းဆိုင်ရှင်က ပြောသည်။

ဖုန်းအမျိုးအစားအစုံ အလုံးရေ ၇၄ လုံး တန်ဖိုးကျပ်သိန်း တစ်ရာရှစ်ဆယ်ခန့်၊ ငွေဖြည့်ကတ်အစုံ ကျပ်သိန်း နှစ်ဆယ်ခန့်၊ ငွေသားတစ်ဆယ့်ငါးသိန်းကျော် ခိုးယူခံရကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် နှစ်သိန်းကျော်တန်ဖိုးရှိ ရွှေလက်စွပ်တစ်ကွင်း၊ Dell အမျိုးစား လက်ပ်တော့သုံးလုံး တန်ဖိုး ကျပ်နှစ်ဆယ်‌လေးသိန်းနှင့် ကုန်စုံဆိုင်ရှိ ပစွည်းအချို့အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာခြောက်ဆယ်ကျော်ဖိုး ပါသွားကြောင်း ဖုန်းအရောင်းဆိုင်ထံမှ သိရသည်။

ဖောက်ထွင်းခံရသည့် ပစ္စည်းတို့အား လာရောက်ရောင်းချပါက အကြောင်းကြားပေးရန် ဖုန်းအရောင်းဆိုင် အသိုင်းအဝိုင်းသို့ အသိပေးထားပြီး သက်ဆိုင်ရာသို့လည်း တိုင်ကြားထားပြီးဖြစ်ကြောင်း ယင်းဆိုင်ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၇ ရက်နေ့ကလည်း တလိုင်းစုရပ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ငွေသား သိန်းခြောက်ဆယ်နှင့် ဖုန်းအချို့ပါသွားခဲ့သေးသည်။