သရက်ချောင်းတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး အသတ်ခံရ

0
322

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာနှင့် ရေချိုချောင်းရွာတွင် ဩဂုတ်လ ၅ ရက်နေ့က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကြာအင်းရွာနေသူ အသက် ၆၀ အရွယ် ဦးကျော်အောင်ကို ညနေ ၄ နာရီခန့်တွင် လူတစ်စုက နေအိမ်မှလာရောက် ခေါ်ဆောင်သွားပြီး ကြာအင်းကျေးရွာ ဟင်းဘုတ်ချောင်းအပိုင်းနှင့် ကျောက်လှေကား ရွာချင်းဆက်လမ်း (ဒေသအခေါ် သင်းကျွန်းလမ်းဆုံ) တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းသည် ၂၀၂၂ ခုနှစ်အစောပိုင်းက ၎င်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သတိပေးစာထုတ်ဖူးသဖြင့် ရှောင်တိမ်းနေသူလည်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရှောင်ပြီးသွားလိုက်တာကြာပြီ။ အခု ပြန်လာမှ ဖြစ်တာ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သည်ကို မတည်မပြုနိုင်သေးပေ။

အလားတူ ရေချိုချောင်းရွာမှ အသက် ၅၄ နှစ်ခန့်ရှိ ဦးမျိုးအောင်သည်လည်း ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

၎င်းကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့နှင့် ကျားရိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမျိုးအောင်မှာ ဒလန်အကြီးစားဟု ယင်းထုတ်ပြန်ချက်တွင် သုံးနှုန်းထုတ်ပြန်ထားသည်။

အထက်ပါ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ သတင်းပေး၊ ကြံ့ခိုင်ရေးပါတီ အမာခံများဟု ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ကြာအင်းရွာနှင့် တစ်ဆက်တည်းရှိသည့် ကင်းရှေ့ရွာမှ ဦးကုလားဆိုသူ အသတ်ခံရပြီး ဇူလိုင်လ ၂၈ ရက်တွင်လည်း ဦးကြိုင်လင်းဆိုသူမှာ သတင်းပေး ဒလန်လုပ်သည် ဟုဆိုကာ အသတ်ခံခဲ့ရသည်။