ခေတ်ပျက် စျေးတက်လို့ စားမလောက်တော့တဲ့ ဝန်ထမ်းတွေ

0
480

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုနှင့်အတူ မြင့်တက်လာသည့် ကုန်စျေးနှုန်းမှာ မြန်မာနိုင်ငံတွင် ပုံသေလစာဖြင့် အလုပ်လုပ်နေရသည့် ဝန်ထမ်းများအတွက် အိပ်မက်ဆိုးတစ်ခုပင်။

စီးပွားရေး ကျဆင်းလာနေသည့်အတွက် လုပ်ငန်းများက ဆက်လက်ရပ်တည်ရေး ရုန်းကန်နေရပြီး ဝန်ထမ်းလစာ တိုးဖို့ထက် အလုပ်သမားလျှော့ချရာတွင် မပါစေဖို့ ဆုတောင်းနေရသည်။

ဆက်တိုက်မြင့်မားလာသည့် ကုန်စျေးနှုန်းကြောင့် ဝန်ထမ်းများမှာ ထမင်းနပ်မှန်အောင် စားရဖို့ပင် မလွယ်ကူလှတော့။

ဝန်ထမ်းဘဝက ရုန်းထွက်ပြီး အပြင်တွင် ရရာအလုပ်လုပ်ကာ ရပ်တည်မည်ဆိုပါကလည်း ခေတ်ပျက်တွင် ပုံမှန်ဝင်ငွေရဖို့မလွယ်သလို စျေးရောင်းစားဖို့ကလည်း ဝယ်သူထက် စျေးသည်ကများနေသည့် အခြေအနေ ဖြစ်နေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကုန်စျေးနှုန်းမြင့်မားလာမှုကြောင့် ဝန်ထမ်းဘဝ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် လခစားဝန်ထမ်းအချို့ကို တွေ့ဆုံမေးမြန်းကာ စုစည်းဖော်ပြလိုက်ပါသည်။

“အခုက လင်ရောမယားရော နှစ်ယောက်လုံးလုပ်တာတောင်မှ မလောက်တော့ဘူးလေ”

ထားဝယ်မြို့ ကုမ္ပဏီဝန်ထမ်းတစ်ဦး

DW ။ ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲ။ ရာထူးနဲ့ လစာအကြောင်းလေး အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ဒီမှာအလုပ်ဝင်တာ ၂ နှစ်ကျော်ကျော်လေးရှိနေပြီ။ လုံခြုံရေးဝန်ထမ်းပေါ့။ လစာကတော့ ၁၈၀၀၀၀ (ကျပ်) ရတယ်။

DW ။ အဲဒီလစာနဲ့ လောက်ရဲ့လား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ မလောက်တဲ့အပြင် အကြွေးပါတင်တင်လာနေတယ်။ အခုဆိုရင် ရုံးသွားပြန် ဆိုင်ကယ်ဆီဖိုးတောင် တစ်လတစ်လ သုံးသောင်းကျော်လောက်ကုန်နေတာ။ မနည်းကိုချွေတာပြီးစားနေရတယ်။ မလောက်ရင် ဟိုနားဆွဲသုံးလိုက် ဒီနားဆွဲသုံးလိုက်နဲ့ အကြွေးတွေပါတင်လာနေတယ်။ အရင်က ကျွန်တော်တစ်ယောက်လုပ်တာ ချွေတာစားရင် မိသားစု လေးယောက်စားလောက်ပါတယ်။ အခုက လင်ရောမယားရော နှစ်ယောက်လုံးလုပ်တာတောင်မှ မလောက်တော့ဘူးလေ။

DW ။ ဘာဖြစ်လို့ မလောက်တော့တာလဲ။

ဖြေ ။ အခုက အစစအရာရာပဲဈေးတက်နေတာလေ။ အရင်က (အာဏာမသိမ်းခင်က) ဟင်းစား သုံးလေးထောင်ဖိုးဆိုရင် မိသားစု လောက်အောင်စားရတယ်။ အခုဈေးသွားရင် ပိုက်ဆံငါးထောင်လောက်မှမဟုတ်ရင် မရတော့ဘူး။

DW ။ လစာက အရင်လစာပဲလား။ ကုန်ဈေးနူန်းတက်နေတာဆိုတော့ လစာမတိုးပေးဘူးလား။

ဖြေ ။ အရင်ကတည်းက ဒီလစာက ဒီလစာပဲ။ ကုန်ဈေးနူန်းတွေဘာတွေ နားမလည်ဘူး။ ကိုယ်ကအောက်ခြေဝန်ထမ်းဆိုတော့ လစာတိုးပေးဖို့လည်း မပြောရဲဘူး။ ပြောလည်းတိုးပေးမှာမဟုတ်ဘူးလေ။

DW ။ ကုန်ဈေးနူန်းတွေကတက်‌နေပေမယ့် လစာကမတိုးလာတဲ့‌အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်တော်တို့ကတော့ (လစာတိုးပေးတာ) လိုချင်တာပေါ့။ အစစအရာရာ ဈေးကြီးနေတဲ့အချိန်မှာ လစာလည်းတိုးပေးသင့်တာပေါ့။ အဲမှလည်း သူ့ဟာနဲ့သူ လည်ပတ်စားသောက်နေလို့ရမှာလေ။ အခုက ကျွန်တော်တို့မှာ လစာတစ်ခုပဲမတိုးတာ။ ကျန်တာတော့အကုန် တက်ပြီးရင်မကျတော့ဘူး။ ကျန်တဲ့အချိန်ဆိုမပြောပါဘူး။ အခုဈေးကြီးနေတဲ့အချိန်မှာမို့လို့သာပြောတာပါ။ အခက်အခဲဖြစ်နေလို့သာပြောတာပါ။ ကုန်ဈေးနူန်းကလည်း အရင်တိုင်းပဲဆို လစာမတိုးလည်း ကျွန်တော်တို့က ပြောမှာမဟုတ်ဘူး။ အဲတာကို (အလုပ်ရှင်တွေ) နားလည်ပေးစေချင်တယ်။

DW ။ ရေရှည်အတွက် ဘာဆက်လုပ်မယ်စဉ်းစားထားလဲ။

ဖြေ ။ ကျွန်တော်မှာတော့ စဉ်းစားထားတာတော့ရှိတယ်။ ဒီလစာနဲ့ အလုပ်လုပ်ရင်း အကြွေးတင်နေတာချင်း အတူတူ အလုပ်ထွက်တော့မယ်။ အလုပ်ထွက်ပြီးရင် သူများတွေလို ထိုင်းပဲသွားရင်ကောင်း‌မလား စဉ်းစားနေတယ်။ ထိုင်းသွားဖို့ဆိုတာကလည်း ပိုက်ဆံဆယ်သိန်းကျော်လောက်လိုသေးတယ်။ မသွားဖြစ်ရင်လည်း အပြင်မှာပဲ နေ့စားလုပ်တော့မယ်။ အပြင်မှာဆိုရင် တစ်နေ့တစ်သောင်းလောက်ရတာ။ ပင်တော့ ပင်ပန်းမှာပေါ့နော်။ ဒါပေမဲ့ ဒီကရတဲ့ပိုက်ဆံနဲ့ စားမလောက်မယ့်အတူတူ အပြင်မှာ တစ်ရက်နား တစ်ရက်အလုပ်လုပ်ရင်တောင် အခုတာထက်ပိုရဦးမယ်‌။ နောက်ဆိုရင် အသက်ကြီးလာရင် မလုပ်စားနိုင်တော့ဘူးလေ။ အခုအရွယ်ရှိတုန်းလေး လုပ်ထားမှရမှာ။

DW ။ အခု ကုန်းဈေးနူန်းအနေအထားနဲ့ လစာတိုးပေးမယ်ဆို ဘယ်လောက် တိုးပေးစေချင်လဲ။

ဖြေ ။ ကိုယ်လိုချင်တာကိုယ်ပြောရရင်တော့ တစ်သိန်းခွဲ(တစ်သိန်းငါးသောင်းကျပ်) လောက်တော့လိုချင်တယ်။ မရဘူးဆိုရင်တော့ အနည်းဆုံး တစ်သိန်းလောက်ပေါ့နော်။ အဲလောက်တော့ တိုးပေးသင့်တယ်လို့ထင်တယ်။

DW ။ လစာကိစ္စနဲ့ပတ်သက်ပြီး တောင်းဆိုခွင့်ရမယ်ဆိုရင် ဘာတွေတောင်းဆိုချင်တာရှိလဲ။

ဖြေ ။ ကုန်ဈေးနူန်းပေါ်မူတည်ပြီး လစာတိုးပေးဖို့ပြောချင်တယ်။ အဲလိုမရဘူးဆိုရင် လစာမတိုးပေးလည်းရတယ်။ ကုန်ဈေးနူန်းတွေကျအောင်လုပ်ပေး။ အဓိက အဲတာပဲတောင်းဆိုချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“မြန်မာပြည်ထဲနေရတာ အသက်ရှုကျပ်လာတယ်”

ထားဝယ်မြို့ မင်္ဂလာဈေးမှ အမျိုးသမီး အရောင်းဝန်တစ်ဦး

DW ။ အစ်မရဲ့ အလုပ်အကိုင်နဲ့ လစာအကြောင်း အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ အစ်မက ဒီမှာ(မင်္ဂလာဈေး) အရောင်းဝန်ထမ်း၊ လစာကတော့ တစ်သိန်း ခုနစ်သောင်းရတယ်။

DW ။ ရတဲ့လစာနဲ့ မိသားစု စားသောက်လို့ လောက်ရဲ့လား။

ဖြေ ။ ‌ဘယ်လောက်မှာလဲ။ ကုန်းဈေးနူန်းတွေက မိုးပေါ်ထောင်တက်နေတာ။ အာဏာသိမ်းပြီးကတည်းက ကျကိုမကျတော့ဘူး။ ကျဖို့နေနေသာသာ တိုးကိုတိုးလာသေးတယ်။

DW ။ ကုန်ဈေးနူန်းတက်နေတာ လစာတိုးပေးဖို့မပြောဘူးလား။

ဖြေ ။ လစာတိုးပေးထားလို့ ဒီလောက်ရနေတာ။ အရင်က တစ်သိန်းခွဲပဲရတယ်။ အရင်ကဆို တက္ကစီငှားစီးပြီး ဆိုင်ကိုလာလို့ရသေးတယ်။ အခုလစာတိုးပြီးတာတောင် တက္ကစီမငှားစီးတော့ဘူး။ စက်ဘီးနဲ့လာရင်လာ မလာရင်ခြေကျင်လျှောက်နေရတယ်။ လစာတိုးပေးတယ်ဆိုပေမယ့် တစ်ပတ်မှာ နေ့တဝက်ပဲနားရတော့တယ်။ တကယ်တော့ လစာတိုးပေးတာမဟုတ်ဘူး။ အလုပ်ပိုလုပ်ရလို့ တိုးပေးတဲ့သဘောပဲ။ အလုပ်မဆင်းတဲ့ရက်ဆိုလည်း ဖြတ်သေးတယ်လေ။ ကိုယ့်မှာ လစာအပြည့်ရဖို့ အလုပ်ပျက်မှာ ကြောက်နေရတယ်။ အခုခေတ်ကလည်း အလုပ်တစ်ခုရဖို့မလွယ်ဘူးလေ။ ဒီအလုပ်လေးမြဲနေအောင်ပဲ ဆုတောင်းနေရတာ။

DW ။ တိုးပေးလိုက်တဲ့လစာနဲ့ဆိုရင် အဆင်ပြေလား။

ဖြေ ။ အဆင်မပြေလည်း မတိုးတာစာရင်တော့ နဲနဲကောင်းသေးတာပေါ့နော်။ ဆိုင်ကလည်း အရင်လို ရောင်းမကောင်းတော့ဘူးလေ။ အဲတော့ ကိုယ်လည် အလုပ်သိပ်မလုပ်ရဘဲနဲ့ လစာတိုးတောင်းရမှာ ကိုယ်ချင်းစာမိတယ်။ ဆိုင်ရှင်ဖက်ကိုလည်း ကြည့်ပေးရမှာပေါ့။

DW ။ တကယ်လို့ ပမာဏတစ်ခုအထိ လစာတိုးပေးမယ်ဆို ဘယ်လောက်တိုးပေးစေချင်လဲ။

ဖြေ ။ တစ်သိန်း၊ တစ်သိန်းခွဲလောက်ဆိုရင် အဆင်ပြေမယ်ထင်တယ်။ အဲလောက်ဆိုရင် မဆိုးဘူး။ ကိုယ့်အတွက်အသုံးစရိတ် နဲနဲပါးပါးပိုလာမှာပေါ့နော်။ အခုက ကိုယ့်အတွက်မချန်ဘဲ အိမ်ကို အကုန်ပေးနေရတယ်။ အဲတာတောင်မှ တစ်ခါတလေ မလောက်လို့ အတိုးနဲ့ ပိုက်ဆံပတ်ချေးငှားနေရသေးတယ်။ တစ်သိန်းခွဲလောက်တိုးပေးရင်တော့ အရမ်းပျော်မှာ။ ဒါပေမဲ့ ဖြစ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုဏကပြောသလိုလေ ဆိုင်းကလည်းမရောင်းရဘူး ဆိုတော့လေ။

DW ။ ကုန်ဈေးနူန်းကမြင့်ပြီး လစာတွေကျတော့ မတိုးလာတဲ့အပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။ ဟုတ်တော့လည်းဟုတ်တယ်။ မြန်မာပြည်မှာက ထုံးစံလိုကိုဖြစ်နေပြီ။ ကုန်ဈေးနူန်းကြီးကြီးလာတယ်။ လစာကျ‌တော့ တိုးလာတယ်ဆိုတာကိုမရှိဘူး။ ဒါကြောင့်လည်း လူတွေ နိုင်ငံခြားကို အုပ်လိုက် အုပ်လိုက် ထွက်နေကြတာဖြစ်မယ်။ မြန်မာပြည်ကုန်ဈေးနူန်းနဲ့ ရတဲ့လစာနဲ့ကတော့ လူမွေးလူတောင် ဒီတစ်သက်မပြောနဲ့ နောက်ဆက်သက်လည်းပြောင်လာမှာမဟုတ်ဘူး။ မြန်မာပြည်ထဲနေရတာ အသက်ရှုကျပ်လာတယ်။ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့လေ။ အလုပ်သမားကလည်း လစာမကောင်းလို့၊ အလုပ်ရှင်ကလည်း စီးပွားရေးမကောင်းလို့ ဂျာအေးသူ့အမေရိုက်နေကြတာပဲ။

DW ။ နောက်ဆုံးအနေနဲ့ လစာကိစ္စနဲ့ပတ်သတ်ပြီး တောင်းဆိုခွင့်ရမယ်ဆို ဘာတွေတောင်းဆိုချင်လဲ။

ဖြေ ။ လစာတွေတိုးပေးစေချင်တယ်။ လစာတိုးပေးရင်လည်း ဝန်ထမ်းတွေကိုပဲ တိုးပေးတာမျိုး မဟုတ်ဘဲအားလုံးတန်းတူပေါ့နော် အခြေခံလစာအနေနဲ့ အနိမ့်ဆုံး ဘယ်လောက်ဆိုပြီး တိုးပေးစေချင်တယ်။ မြန်မာပြည်မှာက လစာတိုးပေးတယ်၊ တိုးပေးတယ်ဆိုရင် ဝန်ထမ်းတွေပဲ တိုးပေးပြီး ကျွန်မတို့လို အပြင်ကလုပ်သမားတွေကျ အလုပ်သမားမဟုတ်သလိုနဲ့ ကျန်ကျန်ခဲ့တာမျိုးမဖြစ်စေချင်ဘူး။ အဲတာမှလည်း အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“‌ခေတ်ပျက် ကပ်ဘေးကြုံနေရသလိုပဲ”

မြိတ်မြို့ပေါ်ရှိ လက်ဝတ်ရတနာအရောင်းဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသမီးအရောင်းဝန်ထမ်း

DW ။ လခစား တစ်ယောက်အနေနဲ့ အခုလို ကုန်ဈေးနှုန်း ကြီးလာနေတာနဲ့ဆိုရင် ရတာနဲ့အဆင်ပြေ လုံလောက်ရဲ့လား၊ ဘာတွေ အခက်အခဲရှိနေလဲ။

ဖြေ ။ လစာရကောင်းတဲ့အချိန်တုန်းကဆို ကုန်ဈေးနှုန်းလည်း မကြီးသေးဘူး၊ ကောင်းကောင်းစားပြီး ကောင်းကောင်း စုဆောင်းနိုင်သေးတယ်၊ စားတဲ့အထဲကနေ နည်းနည်းပါးပါး ဖဲ့ဖဲ့စုထားတာမျိုးပါ၊ တစ်လတစ်လဆို ငါးသိန်းကျော်ကျော်အထိ ရတာ၊ နောက်ပိုင်းတော့ ကိုဗစ်စဖြစ်ကတည်းက လိုတဲ့နေရာအတွက် ဝန်ထမ်းတွေ ထပ်ခေါ်တာ၊ အဲကတည်းကနေ လစာပေးတာ နည်းသွားတယ် လျှော့လိုက်တာပေါ့ သုံးသိန်းကျော်လောက်ပဲ ရ‌တော့တယ်။

DW ။ လစာနည်းသွားတော့ အခုအခြေနဲ့ဆို ဘာတွေ အခက်အခဲကြုံနေရလဲ။

ဖြေ ။ အရင်ကဆို ရတဲ့လစာနဲ့ပဲ ကောင်းကောင်းစား စုထားတော့ တော်သေးတာပေါ့၊ ကုန်ဈေးနှုန်းကြီးလာတော့ လစာနဲ့ မလောက်တော့ဘူး၊ အခုကလစာတော့ ထပ်မတိုးဘူး၊ မတိုးတော့ စုထားတဲ့အထဲကနေပဲ ပြန်ပြီး ဖဲ့ဖဲ့သုံးနေရတာ၊ ကြာတော့ လုံးပါးပါးလာပြီ။

DW ။ လုံးပါးပါးလာတာဆိုတာ ကုန်တော့မယ် သဘောပေါ့၊ စုထားတာတွေ ကုန်ပြီဆိုရင် ခုလစာနဲ့ ဘယ်လို ဆက်သွားမလို့ စိတ်ကူးထားပါသလဲ။

ဖြေ ။ စုထားတာ မကုန်ခင် လျှော့သုံးတာမျိုးတော့ လုပ်နေတယ်၊ ဥပမာ တစ်နေ့ကို လက်ဖက်ရည် သုံးကြိမ်သောက်တဲ့နေရာမှာ တစ်ကြိမ်ပဲ သောက်တာမျိုးပေါ့၊ မင်း(ထမင်း)ကတော့ လျှော့စားလို့မှ မရတာ၊ လစာတိုးပေး မပေးကလည်း ပြောလို့မရဘူး ပိုင်ရှင်သဘောဖြစ်နေတာ၊ ကိုယ်မလုပ်နိုင်ရင် ထွက်ပဲ၊ ထွက်ပြီး အခြားအလုပ်ပြန်ရှာဖို့က မလွယ်ဘူး၊ ခုက အလုပ်အကိုင် တအားရှားနေတာ၊ ဒီအလုပ်ပဲ ဆက်လုပ်ပြီး ရတာလေးနဲ့ ချွေတာသုံးဖို့ပဲ ရှိတော့တယ်။

DW ။ အခုလို ကုန်ဈေးနှုန်းတွေ တစ်စတစ်စ ကြီးလာနေတာက ဘာကြောင့်လို ထင်ပါသလဲ။

ဖြေ ။ ဒါက အားလုံးသိနေတာပဲ ကိုဗစ်ပြီးတော့ တိုင်းပြည်အရေး အပြောင်းအလဲဖြစ်လာတဲ့နောက်ပိုင်းဆို အခုလို ဈေး‌တွေကြီးလာတာ၊ ဆေးဝါးတစ်ချို့ဆို ဝယ်တောင်မရဘူးကြားရတယ်၊ ‌ခေတ်ပျက် ကပ်ဘေးကြုံနေရသလိုပဲ။

“တစ်ခါတစ်လေ မလောက်လို့ အတိုးနဲ့ ချေးသုံးရတာမျိုးရှိတယ်”

မြိတ်မြို့ ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ အသက် ၅၀ နှစ်ရှိ ဝန်ထမ်းအမျိုးသား

DW ။ ကုမ္ပဏီမှာ လုပ်နေတာ ဘယ်လောက်ကြာပြီလဲ၊ လစာလေး အခြေအနေလည်း ပြောပြပေးပါ။

ဖြေ ။ လုပ်နေတာ ဆယ်နှစ်ရှိပြီ စလုပ်တုန်းက တစ်သိန်းကျော်လောက်ပဲ အခုတော့ နှစ်သိန်းကျော်ကျော်လောက် ရနေတယ်။

DW ။ လစာက နှစ်သိန်းကျော်ကျော်ဆိုတော့ အခုအခြေအနေက ကုန်ဈေးနှုန်းတွေ တက်လာနေတာဆိုတော့ အဆင်ပြေရဲ့လား။

ဖြေ ။ ဘယ်ပြေမလဲ၊ နှစ်သိန်းကျော်နဲ့ မိသားစုသုံးယောက် ထမင်းဝအောင်ပဲ စားနေရတာ၊ ပိုတာမရှိဘူး၊ စားဖို့ပဲ အဆင်ပြေအောင် သွားနေတာ၊ တစ်ခါတစ်လေ မလောက်လို့ အတိုးနဲ့ ချေးသုံးရတာမျိုးရှိတယ်၊ အတိုးကလည်းကြီးစ တစ်သောင်းမှာ သုံးထောင်တောင် ပေးရတာ၊ လကုန်ဆို ကြေးပြား(ပိုက်ဆံ)ထုတ်ပြီး ချေးတာပြန်ဆပ်၊ ကျန်တာနဲ့ လောက်အောင်သုံး မလောက်ရင် နှစ်သောင်းသုံးသောင်းလောက်ပြန်ချေး၊ ဒီလိုပဲ မီးစင်ကြည့်ကနေရတာပဲ။

DW ။ လုပ်သက်လည်း ကြာပြီဆိုတော့ ကုမ္ပဏီဘက်ကရော လစာတိုးပေးတာမျိုး မရှိဘူးလား။

ဖြေ ။ ကုမ္ပဏီမှာ ဝန်ထမ်းက တစ်ရာကျော်နှစ်ရာလောက်ရှိတာ လစာတိုးပေးပါလို့ တောင်းဆိုလည်း ရတာမဟုတ်ဘူး၊ တစ်နှစ်တစ်ခါ နှစ်သောင်းလောက် တိုးပေးတာမျိုးပဲ ရှိတာ။

DW ။ အခုလို ကုန်ဈေးနှုန်းကြီးလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ၊ ထပ်ပြီး ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ဘာတွေ အခက်အခဲကြုံရမလဲ။

ဖြေ ။ ကုန်ဈေးနှုန်းက အကျရယ်လို့ မရှိပါဘူး၊ အမြဲ တက်နေတာပဲ၊ အခုက အဆမတန်တက်လာနေတာက အုပ်ချုပ်တဲ့သူတွေအပေါ် မူတည်ပါတယ်၊ ဒီထက် ကြီးလာရင်တော့ ချွေတာစား၊ မလောက်ရင် ချေးငှား ဒီလိုပဲ လုပ်ရမှာပဲ။