ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ

0
475

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဝါတ်လိကျိအ်ဘုရားကျောင်းတွင် တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားများသည် ကားပြောင်းလဲရန်ပြင်ဆင်နေသည်ဟု သတင်းရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ယင်းနောက် ထိုင်းရဲတပ်ဖွဲ့နှင့် ရွာသူကြီးများက သွားရောက်စစ်ဆေးရာတွင် ဘုရားကျောင်းအနီး မီးသင်္ဂြိုဟ်စက်အနီး ရပ်ထားသော ကား ၄ စီးနှင့်အတူ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖော်ပြသည်။

၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ကားသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကားသမား ၃ တို့ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရေးသားထားသည်။

ကားလေးစီးအနက် ပထမကားတွင် မြန်မာအလုပ်သမား ၁၂ ဦး၊ ဒုတိယကားတွင် ၁၃ ဦး၊ တတိယကားတွင် ၁၀ ဦးနှင့် စတုတ္ထကားတွင် ၈ ဦး စုစုပေါင်း ၄၃ ဦး ပါဝင်ကြောင်း ဖော်ပြသည်။

ယင်းအလုပ်သမားများတွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ဦး၊ ကလေး ၄ ဦး ပါဝင်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။  

မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးရန်အတွက် ၎င်းကို ဘတ် ၄၀၀၀ ဖြင့် ငှားထားပြီး ကန်ချနဘူရီခရိုင်အတွင်းရှိ ထာ့မကားဒေသသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသား ကားမောင်းသမားက ထွက်ဆိုသည်ဟု ဆိုသည်။  

ယင်းနေ့တွင်ပင် နောက်ထပ် ကားမောင်းသမားတစ်ဦးကို စန်ခရာဘူရီခရိုင် အမှတ် ၃၂၃ အမြန်လမ်းမကြီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုလည်း ဘတ် ၅၀၀၀ ဖြင့် ထာ့မကားဒေသသို့ ပို့ဆောင်ပေးရန် ငှားရန်းထားပြီး ဒုတိယအကြိမ် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။

သို့သော်လည်း နောက်ထပ်ကားမောင်းသမားနှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိရန်အတွက် ကြိုးစားနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများကို စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှတဆင့် ခြေကျင် ခရီးနှင့် လှေဖြင့် ဩဂုတ်လ ၁ ရက်နေ့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်အတွင်းရှိ စန်ခရာဘူရီဒေသသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ စမူစခွန်၊ ရယွန်၊ ကန်ချနဘူရီခရိုင်တွင် အလုပ်အကိုင်ရရှိရန်အတွက် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ဘတ် ၃၀၀၀၀ (ကျပ် ၁၀ သိန်းမှ ၂၀ သိန်း) အထိ ပွဲစားများဆီသို့ ပေးချေခဲ့ရပြီးဖြစ်ကြောင်း ဖော်ပြထား သည်။

အဆိုပါ မြန်မာအလုပ်သမားများနှင့် ကားသမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဆောင်ရွက် သွားမည်ဟု စန်ခရာဘူရီရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားထားကြောင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု၊ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထား ပြုလုပ်ပေးမည့်အစီအစဉ်တို့ကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု များပြားနေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုထားသည်။

ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်တို့တွင်လည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ထုန်းဖါ့ဖမ်း၊ စိုင်ယွတ်နှင့် စန်ခရာဘူရီဒေသ များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁ ဦးကို အဖမ်းခံခဲ့ရသေးသည်။