ပျောက်ဆုံးနေသည့် ပုဂေါဇွန်းရွာသားငါးဦးအနက် သုံးဦး၏အလောင်းတွေ့

0
480

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်ဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ရွာသား ငါးဦးအနက် သတ်ဖြတ်မြှုပ်နှံခံထားရသူသုံးဦး၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂) တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၃၁ ရက် ညနေပိုင်းက ပုဂေါဇွန်းအရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယင်းရွာသို့ ဝင်ရောက်လာကာ နေအိမ်တစ်ဆောင်ရှေ့တွင် သေနတ်ဖြင့် ၁ဝချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ ရွာသားငါးဦး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယင်းသေနတ်သံမှာ ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ပိတ်ဆို့ဖမ်းဆီးရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃၁ရက် ည ၇နာရီခန့်တွင် ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ဝင်ဝိုင်းရာ ၎င်း၏ သားမက်ဖြစ်သူ ဦးစောရှီမှာ ထွက်ပြေးရာမှ ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံအချို့ကို ယနေ့ (ဩဂုတ် ၂) မေးမြန်းချက်အရ သိရသည်။

အသက် ၈၀ အရွယ် ဦးမောင်ကြည်ဆိုသူမှာ အဖမ်းခံလိုက်ရပြီး အသက် ၅၀ အရွယ် ဦးအေးဘဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးအေးဘမှာ ဦးမောင်ကြည်နှင့် အိမ်နီးချင်းများဖြစ်ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ဦးမောင်ကြည်ကို ကြိုးနဲ့တုတ်သွားတယ်။ ဦးစောရှီရဲ့အလောင်းကိုတော့ ကားပေါ်တင်သွားတယ်။ ဦးအေးဘကတော့ မိသားစုနဲ့ အဆက်အသွယ်ရပါပြီ” ဟု ပုဂေါဇွန်းရွာသားတစ်ဦးက ပြောသည်။

ဦးစောရှီ၏ ရုပ်အလောင်းကို ပုဂေါဇွန်းရွာ၏ ရှေ့မြောက်ထောင့် ရော်ဘာခြံထဲတွင် မြေမြှုပ်ထားသည့်အနေထားဖြင့် ယနေ့ နေ့လယ်ပိုင်းက တွေ့ရပြီး မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် ဇူလိုင်၃၁ ရက်နေ့ ညကပင် ပျောက်ဆုံနေသည့် မွေးမြူရေးခြံလုပ်ကိုင်သူနှစ်ဦးဖြစ်သော ကိုဇော်သားနှင့် ကိုထိန်ဝင်းဆိုသူတို့၏ ရုပ်အလောင်းကိုလည်း ယင်းခြံထဲတွင် ယနေ့ (ဩဂုတ် ၂) တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

နေအိမ်သို့ပြန်မလာသောကြောင့် ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ကိုဇော်သား၏ မိခင်ဖြစ်သူက မွေးမြူရေးခြံသို့ သွားရောက်ရှာဖွေရာတွင် မွေးမြူရေးခြံထဲရှိ တဲမှာလည်း မီးရှို့ခံထားရသည့် အနေထားတွေ့ရပြီး တဲအနီး စစ်ကောင်စီ တပ်သားအချို့ကို တွေ့ရှိခဲ့ကြောင်း ‌မိခင်ဖြစ်သူ၏ ပြောကြားချက်အရသိရသည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။

“သားတွေကို မေးတော့ နောက်သုံးရက်ကြာမှ ပြန်လာရှာလို့ စစ်သားများက မိခင်ဖြစ်သူကို ပြောလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယနေ့ ညနေပိုင်းတွင် ဦးစောရှီ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးနောက် ဒေသခံများက ကိုဇော်သား၏ မွေးမြူရေးခြံတွင် ဆက်လက်ရှာဖွေရာ ပစ်သတ်ခံထားရသည့် ကိုဇော်သားနှင့် ကိုထိန်ဝင်း၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မျက်နှာကို ဖုံးအုပ်ထားတယ်။ အလောင်းကို မြေမြှုပ်ပြီးတော့ အပေါ်က မီးရှို့ပြီး နေရာဖျောက်ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ဩဂုတ်လ ၁ရက်နေ့အထိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ ကျေးရွာ များကို စစ်ကြောင်းထိုးနေသည့်အတွက် ဇုန်ထဲက ကျေးရွာများအပြင် ဇုန်အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းများသည် ဩဂုတ်လ ၁ ရက်နေ့က ပြန်လည်ထွက်ခွာ‌သွားသော်လည်း ဒေသခံအများစု ရွာပြန်ရန် စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။