မောတောင်နယ်စပ်ဂိတ်ပြန်ဖွင့်၊ ရေခဲစိမ်ကုန်ပစ္စည်းအချို့ တင်ပို့ခွင့်မရ

0
263

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မောတောင်-စင်းခွန် နယ်စပ်ဂိတ်မှ စတင် ကုန်သွယ်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ရေခဲစိမ်ကုန်ပစ္စည်းအချို့ကို တင်သွင်းခွင့် မပေးသေးဘဲ ခေတ္တဆိုင်းငံ့ထားကြောင်း နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူများနှင့်ရင်းနှီးသည့်ကုန်သည်တစ်ဦးက ပြောသည်။

ယင်းနယ်စပ်ဂိတ်ကို ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ၂ ရက်နေ့မှစ၍ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ တစ်ပတ်လျှင် ၆ ရက် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ရေခဲစိမ်ထားသည့် ကင်းမွန်နှင့် ငါးအချို့ကိုမူ တင်သွင်းခွင့် မပြုပဲ ဆိုင်းငံ့ထားသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောဆိုသည်။

“ကင်းမွန်က ကားပေါ်က အရည်တွေကျပြီး ညစ်ညမ်းတယ်။ အနံ့အသက် အရမ်းဆိုးဝါးတယ်။ အဲဒါကြောင့် သူတို့ဘက်က ခေတ္တဆိုင်းငံ့ ပိတ်ပင်ထားဆဲအနေအထားဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

အလားတူ ရေခဲစိမ် ပလာတူးငါးများမှာလည်း အရည်ကျသည့်အတွက် ဆိုင်းငံ့ရာတွင် ပါဝင်ကြောင်း သိရသည်။

စင်းခွန်ဂိတ်သို့ ကင်းမွန်ရေခဲစိမ်များ ယခင်က ပို့ဆောင်ခွင့်ရရှိခဲ့သော်လည်း ကိုဗစ် စဖြစ်ပြီးသည့်နောက် ပို့ဆောင်ခွင့် မရရှိတော့ကြောင်း ကားသမားတစ်ဦးက ပြောသည်။

“ကိုဗစ် စဖြစ်ကတည်းက အရည်ကျတာကို သူတို့လက်မခံတော့ဘူး။ အရည်မကျရင်တော့ လက်ခံတယ်။ ခုမှကန့်သန့်တာတော့ မဟုတ်ပါဘူး” ဟု ၎င်းကားသမားက ပြောဆိုသည်။

သို့သော် အရည်မကျအောင် အေးခဲ၍သော်လည်းကောင်း၊ လုံခြုံအောင် အဆင့်ဆင့်ထုတ်ပိုး၍သော်လည်းကောင်း တင်ပို့နိုင်သည်ဟု နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူများနှင့်ရင်းနှီးသူက ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့ရောင်းချသည့် ကုန်သည်များကမူ ရေထွက်ပစ္စည်းအား အေးခဲပြီးမှ တင်ပို့လျှင် လျှပ်စစ်မီးကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်ဟု ပြောဆိုတင်ပြမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် မောတောင်-စင်းခွန်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီလကစပြီး ပိတ်ထားရာမှ ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည် ကုန်သွယ်ခွင့် လိုက်ခြင်းဖြစ်သည်။