မြိတ်ရဲဘက်စခန်းတွင် အကျဉ်းသားလူငယ်တစ်ဦး ကျောက်တုံးပိသေဆုံးဟုဆို

0
263

မြိတ်မြို့ ကျောက်ဖြူတောင်ရဲဘက်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။

ယနေ့ (ဩဂုတ် ၂) နံနက်က ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေစဉ် ကျောက်တုံး ဦးခေါင်းပေါ်သို့ ပြုတ်ကျပြီး
သေဆုံးခဲ့ရကြောင်း ဆွေမျိုးနီးစပ်သူများ ကပြောသည်။

အလုပ်လုပ်ရန် တောင်ပေါ်သို့ တက်စဉ် တွယ်တက်သည့် ကျောက်တုံးနှင့်အတူ ပြုတ်ကျလာခြင်းဖြစ်ပြီး ယင်းကျောက်တုံးက ဦးခေါင်းကို ပိသွားခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တွယ်တက်တဲ့ ကျောက်တုံးက ကျလာပြီး ခေါင်းကို လာဖိလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

လည်ပင်းနှင့် မေးရိုးတဝိုက်တွင် ဒဏ်ရာနှင့် ချုပ်ရိုးများတွေ့ရသည်ဟုလည်း ၎င်းက ပြောပြသည်။

သေဆုံးသူသည် အသက် ၂၆ နှစ်ဝန်းကျင်ရှိ ကိုအာနိုးဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။

လက်ရှိ ရုပ်အလောင်းကို စစ်ဆေးရုံမှ သယ်ဆောင်လာပြီး ကလွင်ဘာသာစုံသုသာန်တွင် မြှုပ်နှံသွားမည်ဖြစ်ကြောင်း မိသားစုထံမှ သိရှိရသည်။

ဩဂုတ်လ ၂ ရက် အာရုံတက်ချိန်မှ နံနက်လင်းသည်အထိ မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။