လောင်းလုံး ဟင်းချိုတောရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရ

0
688

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာတွင် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကိုချစ်ကိုကိုဆိုသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီအချိန်တွင် နေအိမ်အနီးသို့ အမည်မသိလူ ၅  ယောက် ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

“‌ပစ်တာကလေးချက်ပစ်တယ်။ ပစ်ခံရပြီးမှာ မသေသေးဘဲနဲ ထပြေးသေးတယ်လို့ ပြောတယ်။ နောက်တစ်နာရီလောက်ကြာတော့ အရေးပေါ်ကားတစ်စီးရောက်လာပြီး လာတင်သွားတယ်။ အရေးပေါ်ကားက ပြောတာကတော့ ဒဏ်ရာတော်တော်ပြင်းလို့ အသက်မရှင်နိုင်တော့ဘူး အဲလိုပြောသွားတယ်” ဟု ဟင်းချိုတော ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့နံနက်ပိုင်းတွင်မူ သေနတ်ပစ်ခံရသူလူငယ် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း နံနက် ၁၀ နာရီကျော်အချိန်အထိ ရွာသို့အလောင်းပြန်မရောက်လာသေးသဖြင့် ‌သေဆုံးသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“သူကလူငယ်ဆိုတော့ နေရာစုံသွားပြီး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို လိုက်ပြီးမှတ်တမ်းတင်ပြီး သတင်းပေးတယ်။ အဲလိုမှတ်တမ်းတင်ဖို့ကို သူ့ကိုခိုင်းထားတဲ့သူတွေရှိတယ်။ လူကလည်း ခပ်နုံနုံဆိုတော့ သူများခိုင်းတာ အကုန်လိုက်လုပ်တာပဲ” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၂၈ ရက်ညက ဟင်းချိုတောရွာသား ၃ ဦးနှင့် သ‌ပြေရှောင်ရွာသား ၃ ဦး အဖမ်းခံရသည့် ဖြစ်စဉ်တွင် ၎င်းလက်ချက်မကင်းကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယင်းအဖမ်းခံရသူ ဒေသခံ ၆ ဦးမှာ ပြန်လွတ်ခြင်းမရှိသေးဘဲ လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

သေဆုံးသူလူငယ်သည် ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီမဲဆွယ်ပွဲများတွင် ပါဝင်လုပ်ကိုင်ပေးသူတစ်ဦးဖြစ်သော်လည်း ပါတီဝင် ဟုတ်မဟုတ် မသိရကြောင်း ဒေသခံအချို့ကဆိုသည်။

ယင်းလူငယ်အား မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။