သရက်ချောင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
267

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် မောင်မောင်ခဆိုသည့် အမျိုးသားတစ်ဦး ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က မြိတ်-ထားဝယ်ကားလမ်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၅ နှစ်ခန့်ရှိပြီဖြစ်သည့် ဦးမောင်မောင်ခ(ခ)ကိုသားမှာ သရက်ချောင်းမြို့နယ်ဘက်မှ ထားဝယ်ဘက်သို့ ဆိုင်ကယ်မောင်းလာစဉ် သရက်နှစ်ခွရွာ မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

“သေနတ်သံ ၃ ချက်လောက်ကြားတယ်၊ မိနစ် ၃၀ လောက်ကြာတော့ ရန်တောင်က အရေးပေါ်လူနာတင်ကားက လာခေါ်ဆောင်သွားတယ်လို့ ကြားတယ်” ဟု သရက်နှစ်ခွကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးမောင်မောင်ခမှာ စိုးရိမ်ဒဏ်ရာရရှိသည်ဟု ကြားသိရပြီး အသက် သေဆုံးခြင်း ရှိမရှိကိုအတည်မပြုနိုင်သေးပေ။

ဦးမောင်မောင်ခမှာ သဲချောင်းကြီးရွာသားဖြစ်ပြီး စစ်ကောင်စီသတင်းပေးဟု ဆိုကာ ပစ်ခတ်ရှင်းလင်းခြင်း ဖြစ်နိုင်သည်ဟု သရက်နှစ်ခွရွာမှ ဒေသခံအချို့နှင့်သဲချောင်းကြီးရွာမှ ဒေသခံအချို့က ပြောဆိုသည်။

ဦးမောင်မောင်ခကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဆိုတာကို ထုတ်ပြန်ထားခြင်းမရှိသေးပါ။