“ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ကျေးလက်ကပြည်သူတွေ”

0
2610

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများထဲတွင် CDM ဟု လူသိများသည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မြန်မာတစ်နိုင်ငံလုံးတွင် အားကောင်းခဲ့သည်။

တနင်္သာရီတိုင်းတွင်လည်း CDM လှုပ်ရှားမှုမှာ အလွန်အားကောင်းခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်မှ အများစုမှာ ယင်းလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည်။

ယင်းကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှာ တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့ထိတိုင် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပေ။

အထူးသဖြင့် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင် ကျန်မာရေးဆေးပေးခန်းများ ပိတ်ထားရဆဲဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်မလုံလောက်မှု များစွာဖြစ်ပေါ်နေရသည်။

ယင်းကြောင့် ကျေးလက်နေ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိသဖြင့် မလိုလားအပ်ဘဲ အသက်သေဆုံးမှုများလည်း ကြုံတွေ့နေရသည်။

ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး အခက်အခဲများကို မေးမြန်း၍ ဖော်ပြလိုက်ရပါသည်။

“(ကျန်းမာရေး) ဆရာမတွေမရှိတဲ့ ရွာတွေလည်း တအားကြီးပဲ”

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ရွာမှ အမျိုးသားတစ်ဦး

DW ။ ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေမှာ ဘယ်လိုမျိုးရှိပါသလဲ။

ဖြေ ။ တို့ကျွန်းစုပိုင်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကျေးရွာတိုင်းမှာ ကျန်းမာရေးဌာနခွဲတွေ မရှိဘူး။ ရွာဆယ်ရွာလောက်ရှိတဲ့ ကျေးရွာ အုပ်စုတစ်စုမှာဆို ကျန်းမာရေးဌာနခွဲ တစ်ခုတော့ရှိတယ်။ ကျန်းမာရေးဌာနခွဲတွေက အုပ်စုတိုင်း မရှိကြဘူး။ ရှိတော့လည်း (ကျန်းမာရေး) ဆရာမတွေ မရှိတဲ့ ရွာတွေလည်း တအားကြီးပဲ။

DW ။ ကျန်းမာရေးဌာနခွဲတွေရှိကြတဲ့ ရွာတွေမှာရော ရွာသားတွေအပေါ်မှာ ကျန်းမာ‌ရေးစောင့်ရှောက်မှု ဘယ်လိုရှိပါသလဲ။ ရွာမှာရော ကျန်းမာရေးဌာနခွဲ ရှိပါသလား။

‌ဖြေ ။ ပဲ့တိုင်က ကျွဲခရံအုပ်စုပေါ့ ယမုံရွာမှာ ကျန်းမာရေး‌ဌာနခွဲရှိတယ်။ ကျန်းမာရေး‌ဌာနတွေ ရှိတဲ့နေရာတွေမှာလည်း ရောဂါက ကြီးကြီးမားမား မကုနိုင်ဘူး။ သားဖွားတဲ့အဆင့်ကိုတောင် တော်တော်များများက မြိတ်တက်ကြတာပဲ။ ငွေကြေးဟင်္သာ (ပိုက်ဆံ) မပြေလည်တဲ့ သူတစ်ယောက်တစ်လေပဲ ရွာမှာပဲ မွေးကြတာ။

DW ။ ဒီတော့ ကျန်းမာရေး‌ဌာနခွဲမရှိကြတဲ့ ရွာတွေမှာရော ရွာသားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လာပြီဆိုရင် ဆေးဝါးဘယ်လိုကုသကြတာလဲ။

ဖြေ ။ တချို့ရွာတွေမှာက ဆေးထိုးဆရာမ သူနာပြုတွေနေတာမျိုးရှိတယ်။ ငွေကြေးနဲ့ ကုသတာမျိုးပေါ့။ ရွာဘက်မှာကျတော့ သူနာပြုလိုမဟုတ်ပဲ ဆေးဝါးနည်းနည်းပါးပါးနားလည်တဲ့ ဆရာတွေတော့ ရှိတယ်။ ဖျားနာ၊ ပွန်းပဲ့တာတွေပဲ အဆင်ပြေကြတာ၊ သူတို့က မနိုင်တဲ့ရောဂါတွေဆိုရင် လူနာပိုင်ရှင်တွေပဲ ကိုယ်ဟာကိုယ် စီစဉ်ပြီး မြို့ပေါ်ဆေးရုံကို ပို့ကြရတာပဲ။ ပြီးတော့ ရွာတိုင်းမှာ ဆေးဆိုင်တွေတော့ရှိတယ် ဆေးရောင်းတဲ့ဆိုင် သတ်သတ်မှတ်မှတ်ရယ်လို့ မရှိဘူး။ ကုန်ခြောက်ဆိုင်တို့နဲ့ တွဲရောင်းတာမျိုးပေါ့။ သူ့နားလည်မှုနဲ့ သူဝယ်သောက်နေကြတာပဲ။ အဆင်ပြေလားဆိုတော့ နားလည်လို့ရောင်းကြတဲ့ ဆေးဆိုင်တွေလည်း မဟုတ်ဘူး။ ဆေးဝါးကျွမ်းကျင်သင်ထားတဲ့ သူတွေ ရောင်းတာလည်း မဟုတ်ဘူးဆိုတော့ ဒါက ပါရာစီတမော ကောင်းတာဆိုတာမျိုး ဘယ်အဖျားက ဘယ်ဆေးကောင်းတာဆိုမျိုး နားလည်ရုံနဲ့ တင်ရောင်းနေကြတာ ရွာတိုင်းမှာရှိကြတယ်။ ထိရောက်မှုအားနည်းတယ်။ ဆိုးကျိုး ကောင်းကျိုးပြောရဆိုရင် စိတ်ချလို့မရပေါ့။ ကောင်းတဲ့သူလည်း ကောင်းသွားတယ်။ မကောင်းဘဲ ရောဂါထပ်ဖြစ်တော့ ဆေးရုံရောက်ကုန်တာပေါ့။ ဝယ်သောက်တဲ့သူအပိုင်းကလည်း မြို့နဲ့ဝေးတော့ သွားလာဖို့ အခက်အခဲရှိတာပေါ့ ရွာကဆိုင်ကပဲ ဝယ်သောက်ရင် ကောင်းမလားဆိုပြီး သွားဝယ်သောက်ကြတယ်။ သုံးရက်လောက် ဝယ်သောက်မကောင်းတော့ အနာက ထပ်ဖြစ်လာတာမျိုးဆို ဆေးရုံတက်ကြတော့ ငါးဆယ်ရာခိုင်နှုန်းလောက်က ကိုယ့်ဘက်က ခံလိုက်ရပြီလေ။

DW ။ အရေးပေါ်ဆေးရုံပို့ရမယ့် လူနာတွေကျတော့ရော ဘယ်လိုမျိုးပို့ကြတာလဲ။ ဘာအခက်အခဲတွေ ရှိမလဲ။

ဖြေ ။ အရေးပေါ်ဆိုရင် သိတဲ့အတိုင်းပဲ ကျွန်းစုရွာတော်တော်များများ အားလုံးနီးပါးပဲ အဓိကကတော့ ရေလမ်းကိုသုံးပြီး နေတဲ့ကျွန်းတွေပါ။ ရေလမ်းပဲသုံးနေရတော့ ကိုယ်ပိုင်စပီဘုတ်တွေ ရှိတာ မဟုတ်ဘူး။ ပါစင်ဂျာ (ရွာမှ မြို့တက်သည့် ခရီးသည်တင်စက်လှေ) လှေ ၊ အမြန်ယာဉ်တွေကလည်း နေ့တိုင်းသွားနေရတဲ့ နေရာတွေမဟုတ်ဘူး။  ကျန်းမာရေးပိုင်းက အခက်အခဲတွေ ရှိတာပေါ့။ တချို့ ဝေးလံတဲ့ ကျွန်းတွေဆို ပါစင်ဂျာလှေက တစ်ပတ်မှ တစ်ခါပဲ မြို့တက်ကြတာ။ တကယ်အရေးပေါ် ဖြစ်လာပြီဆိုရင် ရွာက လှေငှားပြီး အမြန်တက်ရတာရှိတယ်။ ဒီတော့ အချိန်တွေ နောက်ကျတာတွေရှိတာ မဖြစ်သင့်ပဲနဲ့ ဆေးရုံမမီပဲ လမ်းမှာပဲ သေတဲ့တာတွေ ရှိတယ်။ လှေငှားတဲ့အချိန်ကျရင် ပင်လယ်ထဲ အလုပ်ထွက်နေကြတဲ့ အချိန်တွေဆို ပိုအခက်အခဲဖြစ်တာပေါ့။ လှေရှာနေရင်းကို အချိန်ကုန်နေပြီ၊ လူနာက အသက်မထွက် တထွက်ဖြစ်နေပြီ။

DW ။ အခုလို အချိန်ပေးပြီး ဖြေဆိုပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။

“(ကျန်းမာရေး)ဆရာမ မရှိတာတော့ ကြာပြီ”

ပုလောမြို့နယ်၊ ရှမ်းဒွတ်ကျေးရွာနေ ကရင်အမျိုးသမီး အိမ်ထောင်ရှင်မတစ်ဦး

(ရှမ်းဒွတ်ကျေးရွာသည် ပုလောအရှေ့ဖျားကျေးရွာအုပ်စုအတွင်းရှိ ရွာတစ်ရွာဖြစ်ပြီး ယင်းကျေးရွာအပါအဝင် နန်းတောင်၊ပုလောကုန်း၊ မိကျောင်းသိုက် စသည့် ကျေးရွာအုပ်စုများအား PDF များလှုပ်ရှားခိုအောင်းနေသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားသည်။)

DW ။ ရွာမှာလူတွေ နေကောင်းကြရဲ့လား။ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ခုကတော့ ပြန်ပြီးနေကောင်းကုန်ကြပြီ။ ဟိုတလောကတော့ ဖျားနာသူ တအားများကြတယ်။

DW ။ ဖျားနာသူတွေ များကြတယ်ဆိုတော့ ဆေးကုပေးတဲ့ ဆရာမရောရှိရဲ့လား။

ဖြေ ။ မရှိဘူး။ (ကျန်းမာရေး) ဆရာမ မရှိတာတော့ ကြာပြီ။ စစ်ရှောင်စခန်းမှာ သွားကုနေတယ်လို့ ပြောသံကြားတယ်။

DW ။ ဒါဆိုဘယ်လိုလုပ်ကုနေကြလဲ။ ဆေးရော ဝယ်ခြမ်းဖို့အဆင်ပြေရဲ့လား။

ဖြေ ။ အဆင်မပြေဘူး။ ဆေးတွေမရှိဘူး။ အင်္ဂလိပ်ဆေးတွေ ဝယ်လို့မရကြဘူး။

DW ။ ဝယ်လို့မရတော့ ဖျားရင်ဘာဆေးတွေ သောက်နေရလဲ။

ဖြေ ။ ဒီလိုပဲ ဗမာဆေးတွေ ဝယ်သောက်နေရတယ်။ ဦးသက်မောင်ဆေးတို့၊ ငန်းနီကျော်ဆေးတို့ သောက်ရတယ်။

DW ။ ဆေးတွေဝယ်မရတာအပြင် တခြားဘာတွေအခက်အခဲရှိသေးလဲ။

ဖြေ ။ ဘာကြောင့်ဆို သူတို့ စစ်တပ်က ဆေးတွေရော၊ ဆန်၊ ဆီ၊ အားလုံးပေး မသယ်ဘူး။ နည်းနည်းပဲသယ်လို့ရတယ်။

DW ။ လက်ရှိဘယ်လိုလုပ် နေထိုင်စားသောက်နေရလဲ။

ဖြေ ။ ဆန်က လုံးဝကို ဝယ်မရဘူး။ ဟိုရွာဒီရွာက စပါးကြိတ်စားတာ ဝယ်ရတယ်။ စပါးလည်း ကြိတ်မရဲကြဘူး။ စားရေးသောက်ရေး အတော်ခက်ခဲတယ်။ ဒီကြားထဲ တိုက်ပွဲဖြစ်ရင်လည်း တောထဲပြေးရသေးတယ်။

DW ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

“အင်္ဂလိပ်ဆေး ဝယ်မရတာပါ။ ဖျားရေးနာရေးက တအားပင်ပန်းနေတယ်”

တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ကမ်း ကျေးရွာနေ အိမ်ထောင်ရှင်မတစ်ဦး

(လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်လက်တက် တစ်ဖက်ခြမ်းရှိကမ်းပေါ်တွင် ရွာတည်ထားပြီး အရှေ့ကမ်းအနောက်ကမ်းပေါင်းလျှင် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

ယင်းကျေးရွာတွင် ၂၀၂၂ ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ် အပါအဝင် ပျူစောထီးများနှင့် ဒေသခံကာကွယ်ရေး တပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး အထူးသဖြင့် အရှေ့ကမ်းနေ ရွာသားအများစုသည် အိုးအိမ်စွန့်ခွါကာ လက်ရှိအချိန်အထိ တောတောင်နှင့် ဥယျာဉ်များအတွင်း နေထိုင်နေကြရဆဲဖြစ်သည်)

DW ။ ရွာမှာ လူတွေ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ရွာမှာက ဖျားတဲ့လူဖျားတုန်းပဲ။ ပြန်ပြီး နေကောင်းလာကြသူတွေလည်း ရှိတယ်။

DW ။ နေမကောင်းဖြစ်ရင် ဆေးကုပေးတဲ့ ဆရာမရှိလား။ ဘယ်လိုလုပ်ပြီး ကုပေးနေလဲ။

ဖြေ ။ ဆရာမတစ်ယောက်တော့ရှိတယ်။ သူပဲလိုက်ကုပေးနေတာပါ။ ဆေးဝါးက လိုချင်တဲ့ဆေးမရှိဘူး။ သူလည်း သူအင်အားနဲ့ နိုင်သလောက် ဝယ်ပြီးလိုက်ကုပေးနေတယ်။

DW ။ ရွာထဲကဆိုင်တွေမှာ ဆေးကဝယ်လို့မရဘူးလား။ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ ရွာထဲကဆိုင်တွေက ပိတ်ထားတုန်းပဲ။ ဖွင့်တဲ့ဆိုင်တွေမှာလည်း လိုတဲ့ဆေးဝယ်လို့မရဘူး။ ဆေးကပြတ်နေတယ်။ အဓိက ကအင်္ဂလိပ်ဆေး ဝယ်မရတာပါ။ ဖျားရေးနာရေးက တအားပင်ပန်းနေတယ်။

DW ။ ဒါဆိုရင် နေမကောင်းဖြစ်ရင် ဘာဆေးတွေ သောက်နေကြလဲ။ အဆင်ရော ပြေကြရဲ့လား။

ဖြေ ။ နေမကောင်းဖြစ်ရင်တော့ ဗမာဆေး ဦးအုန်းဝင်းတို့ ငွေနတ်သား တို့ကိုပဲ ဝယ်ပြီးသောက်နေရတယ်။

DW ။ လက်ရှိ စားဝတ်နေရေးနဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ ။ လက်ရှိက တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်။

အဲဒီအခြေအနေကြောင့်လည်း လူတွေက အလုပ်ထွက်မလုပ်ရဲကြဘူး။ အရဲစွန့်ပြီး လယ်ထွက်လုပ်ကြသူတွေ ငါးထွက်ဖမ်းကြသူတွေလည်း ရှိနေတယ်။ စားဝတ်နေရေးအဆင်မပြေတဲ့လူက အများစုရှိနေတယ်။ဒီလိုပဲချေးငှါး မျှဝေစားနေရတယ်။

DW ။ အခြေခံစားသောက်ကုန်တွေ ဝယ်ရခက်နေသလား။ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ အမြန်ယာဉ်က ပြန်လာဆွဲနေပြီဆိုတော့ မြို့ပေါ်ကို (ရိက္ခာ) မှာရ အခက်အခဲက သိပ်မရှိဘူး။ ကြေးပြား (ပိုက်ဆံ) ရှိတဲ့သူတွေအနေနဲ့ အခက်အခဲမရှိပေမယ့် အလုပ်အကိုင်မလုပ်ရ လက်ထဲကြေးပြား (ပိုက်ဆံ) မရှိတဲ့သူတွေက အများကြီး အခက်အခဲ ကြုံနေရတာပေါ့။

DW ။ ဟုတ်ကဲ့။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အာဏာမသိမ်းခင်က အဲဒီလိုအခက်အခဲတွေ မရှိဘူး”

လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦး

DW။ ကျန်းမာရေးကိစ္စဖြစ်လာရင် ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ ။ လက်ရှိကတော့ ဆေးမြီးတို၊ ဈေးဆိုင်မှာရောင်းတဲ့ ဆေးတွေသောက်ပြီး ဖြေရှင်းရတယ်။ အဲဒါနဲ့မှ မကောင်းရင်တော့ လောင်းလုံးမြို့နဲ့ ထားဝယ်ကို သွားပြီးဆေး ကုရတာပေါ့။

DW ။ ဆေးမြီးတိုဆိုတာက ဘယ်လိုမျိုးကိုပြောတာလဲ။

ဖြေ ။ ဥပမာ ဗမာဆေး ငွေနတ်သားတို့လို အကိုက်အခဲပျောက်ဆေးတွေပေါ့။ ဈေးဆိုင်တွေမှာ အင်္ဂလိပ်ဆေးစပ်ရောင်း နေကြတာတွေရှိတယ်။ အခုကျွန်မတို့ရွာမှာ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒါတွေကိုပဲ မှီခိုနေရတယ်။

DW ။ ဘာဖြစ်လို့ ဈေးဆိုင်က စပ်ရောင်းတဲ့ဆေးတွေနဲ့ ဖြေရှင်းနေရတာလဲ။

ဖြေ ။ အရင်ကကျန်းမာရေးမှူးရှိတယ်။ အခုက မရှိတော့ဘူး၊ အာဏာသိမ်းပြီးကတည်းကပဲ။

DW ။ အဲဒီဆေးတွေက မသောက်သင့်ဘူး။ အန္တရာယ်ဖြစ်နိုင်တယ်။ ဆိုတော့ ရွာသူရွာသားတွေက အန္တရာယ်ရှိတာ မသိလို့လား။

ဖြေ ။ မဟုတ်ဘူး၊ အရင်က ခြေထောက်နာ လက်နာကအစ ရွာကကျန်းမာရေးမှူးနဲ့ပြကြတယ်။ အခုက ဆေးခန်းတစ်ခေါက် သွားရဖို့ ဆေးဖိုးက တစ်သောင်းလောက်ကုန်ရင် ကားခက တစ်သိန်းနီးပါးရှိတယ်။ ကျွန်မတို့ရွာကဆို ကားစီးလုံးငှားရတာ လူတိုင်းက မတက်နိုင်ဘူးလေ၊ အဲဒါကြောင့်ပါ။

DW ။ ဒါဆိုရင် သွေးတိုး၊ ဆီးချို၊ နာတာရှည် ရောဂါသည်တွေက ဘယ်လိုမျိုး ကုသနေကြတာလဲ။

ဖြေ ။ အရင် ကျန်းမာရေးမှူးရှိစဉ်ကပေးတဲ့ ဆေးတွေကို ဆေးညွှန်းအတိုင်း ဝယ်သောက်နေကြတယ်။ သူတို့တွေ အလွယ်တကူ ဝယ်လို့ရအောင်လည်း ရွာက ဈေးဆိုင်အချို့မှာ တင်ရောင်းပေးထားတာတွေ ရှိတယ်။

DW ။ ကိုယ်ဝန်ဆောင်တွေကရော ဘယ်လိုမွေးဖွားနေကြလဲ။

ဖြေ ။ ဒီမှာမွေးလို့ရရင်တော့ လက်သည်နဲ့ မွေးလိုက်ကြ‌တာပေါ့။ မရဘူး ခက်ခက်ခဲခဲဖြစ်နေရင် ဒီလိုပဲ ရှာကြံပြီး ထားဝယ်ကို ပို့ပေးရတယ်။ အာဏာမသိမ်းခင်က အဲဒီလိုအခက်အခဲတွေ မရှိဘူး။ ရွာမှာကျန်းမာရေးမှူးရှိတော့ ကာကွယ်‌ဆေးကအစ မြို့မှာသွားထိုးစရာမလိုဘူး။

DW ။ ကလေး ကာကွယ်ဆေးတွေကရော ပုံမှန်ထိုးခွင့်ရနေတာပဲလား။

ဖြေ ။ ဘယ်ကလာ၊ ဆေးမထိုးရတာကြာပြီ။ ကျွန်မာတို့မှာဆို တစ်နေ့ကပဲ လောင်းလုံးမှာ သွားထိုးပေးလို့ရတယ်ဆိုလို့ သွားထိုးပေးလိုက်တယ်။ ကျွန်မတို့ သုံးရွာပေါင်းမှာ ‌ကာကွယ်ဆေးမထိုးရတဲ့ ရှစ်လအောက်ကလေး ငါးဆယ်နီးပါးရှိတယ်။ ကိုဗစ်ကတည်းကပဲ ဆေးမထိုးရတော့တာ ကျွန်မက မြို့မှာ သွားထိုးလိုရတယ်ဆိုလို့ မြို့မှာသွားထိုးပေးလိုက်တယ်။

DW ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

“ကျန်းမာရေးကိစ္စဖြစ်လာရင် တော်ရုံတန်ရုံဆို ကားတွေလည်း ခေါ်လို့ မလိုက်ကြဘူး”

သရက်ချောင်းမြို့နယ်၊ သူရဲတောင်ရွာက အမျိုးသမီးတစ်ဦး

DW ။ ကျန်းမာရေးနဲ့ ပက်သက်ပြီး မေးမြန်းချင်လို့ပါ။ နေမကောင်းတာတွေ ဘာတွေဖြစ်ရင် ဘယ်လိုဖြေရှင်းနေကြလဲ။ ရွာမှာ ဆရာမတွေဘာတွေရှိလား။

ဖြေ ။ ရွာမှာတော့ ကျန်းမာရေးဝန်ထမ်းဆရာမ မရှိတာ အရင်ကတည်းကပဲ။ နေမကောင်းဖြစ်ရင် ကြာအင်း (အနီးဝန်းကျင်က ရွာ) ကို ထွက်ရတယ်။ ကြာအင်းမှာပြဖို့ ဆေးခန်းမှာ ဆရာမ မရှိတာမျိုးဆိုရင်လည်း ညောင်ဇင်ဆေးခန်းကို ထွက်တယ်။ ကျွန်မတို့နားမှာ အဲဒီလိုပဲ သွားနေကြတယ်။

DW ။ ကြာအင်းဆေးခန်းမှာရော ဆရာမတွေ ဘာတွေရှိလား။ သူက ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတာလား။ အစိုးရက ဖွင့်ပေးထားတဲ့ ကျေးလက်ဆေးခန်းလား။

ဖြေ ။ တစ်ယောက်တစ်လေတော့ ရှိတယ်။ အစိုးရကဖွင့်ပေးထားတဲ့ ရွာဆေးခန်းပါ။ ဆရာမက အမြဲတမ်းတော့ မရှိဘူး။ ကြာအင်းမှာ ပြမရရင်တော့ ညောင်ဇင်မှာ ထွက်ပြလိုက်တယ်။ ညောင်ဇင်ဆေးခန်းလည်း အစိုးရဆေးခန်းပါ။

DW ။ အဲဒီဆေးခန်းမှာရော ပိုက်ဆံပေးရလား။ ကုန်ကျစရိတ်ဘယ်လောက်ပေးရလဲ၊ အပြင်ဆေးခန်းမှာပြတာနဲ့ ဘယ်လိုကွာခြားလဲ။

ဖြေ ။ အရင်ကတည်းက ဆေးဖိုးတွေဘာတွေက ပေးရတယ်လေ။ ကျေးလက်ဆေးခန်းမှာတော့ နည်းနည်း အဆင်ပြေတယ်၊ ပြရတာ သက်သာတာပေါ့နော်။ အပြင်ဆေးခန်းမှာကျ (ပိုက်ဆံ) တပုံကြီးလိုက်ပေးရတယ်။ တခါသွားပြရင် ဆေးတွေဘာတွေထိုးရရင်တော့ လေးငါးခြောက်ထောင်လောက်ပေးရတယ်။ စားဆေးလောက်ပဲဆိုရင်လည်း လေးငါးထောင်လောက်ပေးရတယ်။

DW ။ ကြာအင်းနဲ့ ညောင်ဇင်က သူရဲတောင်ရွာနဲ့ ဘယ်လောက်ဝေးလဲ။

ဖြေ ။ သိပ်မဝေးဘူး၊ ကြက်စားပြင်ရွာကိုဖြတ်ရင် ကြာအင်းကို ရောက်ပြီ၊ ဆိုင်ကယ်နဲ့ဆို ၄ မိနစ် ၅ မိနစ်လောက်ဆို ရောက်တယ်။

DW ။ အခုက သွားရလာရ ခက်ခဲတယ်ဆိုတော့ ကျန်းမာရေးကိစ္စနဲ့ ပက်သက်လာရင် ဒီအာဏာသိမ်းကာလမှာ အဓိကအခက်အခဲက ဘာဖြစ်မလဲ။

ဖြေ ။ အရင်တုန်းက သွားရလာရတာ အဆင်ပြေတယ်လေ။ အခုက သွားရလာရတာ ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာက နေ့ရော ညရော သွားရလာရခက်ခဲတယ်။ အရင်ကတော့ နေ့ရော ညရော အလွယ်တကူ ထွက်လို့ရသေးတယ်။ အဓိကတော့ ဒီကာလမှာ စားဝတ်နေရေးလည်း အရမ်းကိုခက်ခဲနေပြီလေ။ အခုဆို သရက်ချောင်းနယ်ဘက်ကို ဆန်တွေဆို လုံးဝကို မတင်ခိုင်းဘူး။ အဲဒီတော့ ဝယ်စားဖို့တောင် ခက်ခဲလာတယ်။ ကုန်ဈေးနှုန်းတွေကလည်း အရမ်းတက်နေတယ်ဆိုတော့၊ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲနေတယ်။ ကျန်းမာရေးကိစ္စဖြစ်လာရင် တော်ရုံတန်ရုံဆို ကားတွေလည်း ခေါ်လို့ မလိုက်ကြဘူး။ ထွက်လို့ မရဲတာကိုး။ ညရေးညတာဆို ပိုဆိုးတာပေါ့။

DW ။ ကိုယ့်ဟာကို ဆိုင်ကယ်နဲ့ ဆေးခန်းသွားပြတဲ့အခါမှာရော လမ်းထွက်ဖို့ ဘာတွေစိုးရိမ်ရတာမျိုးရှိလဲ။ ဖမ်းဆီးခံရမှာ ကြောက်တာမျိုးတွေရှိလား။ ဘယ်လိုတွေ့ကြုံရလဲ။ ဘယ်ကနေ သွားလဲ။

ဖြေ ။ ကြက်စားပြင်-ကြာအင်းဘက်ကနေ သွားတာလည်းရှိတယ်။ အရင်ကတော့ ရှင်မုတ္ထီးဘက်မှာ သွားပြတယ်။ အခုတော့ အဲဒီဘက်ခြမ်းကို ခြေဦးတောင် မလှည့်တော့ဘူး။ ရှင်မုတ္ထီးက ဆေးခန်းကိုပြမယ်ဆိုရင်လည်း ရွှေဂူတံတား ဂိတ်က ဖြတ်သွားရတယ်။ အဲဒီမှာ အရမ်းဆိုးနေတယ်အခုက။ ဈေးလေးဘာလေး သွားဝယ်စားတောင် အဆင်မပြေဘူး။ တအားစစ်တယ်။ အဓိက စစ်တယ်ဆိုတာ ဘာကိုစစ်လဲ သူဘာကိုလိုချင်လဲဆိုတာ ပြောစားလို့ မတတ်ဘူး။ သူတို့ အခန့်မသင့်ရင် ဆွဲစိထားလိုက်တယ်။ တခါတော့ကြုံဖူးတယ်။ တပတ်လောက်ပဲ ရှိအုံးမယ်။ ရှင်မုတ္ထီးမှာ ဆွမ်းလေးနည်းနည်း သွားလောင်းမယ်ဆိုသွားတာကို (စစ်ဖို့) ခေါ်တယ်။ ပြန်လှည့်လာလို့မရဲဘူး။ ဘာလုပ်မလဲမှ မသိတာ။ အဲဒီမှာ ဆိုင်ကယ်အကြမ်းကြီးမောင်းပြီးပြေးလာတယ်။ လူက ဆတ်ဆတ်တုန်နေတယ်။ ပစ်ရင်လည်းပစ် ကံပဲဆိုပြီးတော့ အဲဒီလိုပဲ တွေးတယ်။ ဖမ်းတော့ အဖမ်းမခံဘူးဆိုပြီး။

DW ။ ဘာလို့ သူတို့စစ်ဆေးတာကို မခံချင်တာလဲ။

ဖြေ ။ သူတို့စစ်ဆေးတာကို မခံဆိုတာက ကိုယ်ကဘာမှ မလုပ်ဘူးဆိုပေမယ့်လည်း သူတို့က ပြောရတာမှ မဟုတ်ဘဲ။ ဆိုင်ကယ်ကလည်းသူများကိုခေါ်ဆောင်သွားတာ။ ယာဉ်လိုင်စင်တွေ၊ မောင်းလိုင်စင်တွေလည်း မရှိပဲကိုး။ အဲဒီတုန်းက အနောက်ကနေ သေနတ်နဲ့ချိန်ပြီး ရပ်ဖို့ တားနေတယ်။ နောက်ပြန်လှည့်ဖို့လည်း မရဲတော့ ပစ်ထည့်လိုက်ရင်လည်း အသေပဲခံမယ်။ အဖမ်းတော့ မခံဘူးဆိုပြီး ဆိုင်ကယ်မောင်းပြေးခဲ့တာ။ အဲဒီတုန်းက ဆတ်ဆတ် ဆတ်ဆတ်တုန်နေတယ်။ ကိုယ်က ဘာမှ မလုပ်ထားဘူးပဲ။ ဒါပေမယ့် သူတို့ စစ်ဆေးပြီး ဖမ်းထားလိုက်မှာကို ကြောက်လို့။ အဖမ်းတော့ မခံဘူး သွား ဆိုင်ကယ်မောင်းဆိုပြီး ရှေ့ကလူကို မောင်းပြေးခိုင်းတာ။ ဖမ်းပြီးနှိပ်စက်ခံရမှာ ဖမ်းခံရပြီး နှိပ်စက်ခံရမှာတွေကြောက်တာ။ အဲဒီတော့ အဖမ်းတော့မခံဘူး၊ ပစ်သတ်လိုက်ရင်လည်း အသေပဲခံမယ်ဆိုပြီး မောင်းပြေးခဲ့တာ။ သူတို့က ခေါ်တယ်ဆိုတည်းက ဖမ်းဖို့ဖြစ်သွားပြီလေ။ ကိုယ်လည်း ဘာမှ မလုပ်ထားဘူးဆိုပေမယ့်လည်း သူတို့ကို ပြောပြလည်း သူတို့ လက်ခံမှာ မဟုတ်ဘူး။

နည်းနည်းပါးပါး နေမကောင်းစားမကောင်းဖြစ်တာဆိုရင်တော့ ဆေးခန်းက ဝယ်ထားတဲ့ ဆေးတွေဝါးတွေနဲ့ပဲ သောက်လိုက်တယ်။ အိမ်ကိုလည်း ဆရာမခေါ်လို့ရတယ်။ အဲဒါတော့ သိပ်ပြီး အခက်အခဲမရှိဘူး၊ ဟိုနေ့ကပဲ ဆေးတလုံးသွင်းလိုက်သေးတယ်။ အိမ်ကြွခနဲ့ဆိုပေမယ့် သိပ်မပေးရပါဘူး။ လေးထောင်ကျော်ပဲ ပေးရတယ်။ ဆေးခန်းသွားပြရတာပဲ အခက်အခဲရှိတယ်။ စော်ဖျား၊ ကျောက်လှေကားဘက် တိုက်ပွဲတွေဖြစ်နေရင် လမ်းပန်း ဆက်သွယ်ရေး အခြေအနေမအေးတဲ့အခါမျိုးကျ ဆရာမလည်း ခေါ်လို့ မလွယ်သလို ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ဆေးခန်းသွားပြဖို့လည်း ခက်ခဲတယ်။

DW ။ ဟုတ်ကဲ့။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။