မြိတ် သာကေတရပ်ကွက် မီးသတ်ကင်းတဲတွင် ဗုံးပေါက်၊ တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရဟုဆို

0
525

မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မီးသတ်ကင်းတဲတွင် ယနေ့ည ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဇူလိုင် ၃၀) ည ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသည့်အနက် တစ်ဦးမှာ စိုးရိမ်ရသည်ဟု ကြားသိရကြောင်း ဒေသခံများ က ပြောသည်။

“ဗုံးပေါက်သံက အကျယ်ကြီးပဲ။ ရေပုန်း(ရပ်ကွက်) ဖက်ကတောင် ကြားရတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

သာကေတရပ်ကွက်၊ အ.ထ.က ၄ ကျောင်းသစ် မျက်စောင်းထိုးရှိ မီးသတ်ကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့သည်ဟု ယင်းရပ်ကွက်သားများက ပြောသည်။

“သာမန်တဲကင်းလေးမှာ ထပေါက်တာပါ။ အနီးကပ်တော့ သွားမကြည့်ရဲကြဘူး” ဟု သာကေတရပ်ကွက်သားတစ်ဦးက ပြောသည်။

ဗုံးပေါက်ပြီးနောက် သာကေတ လမ်းတလျှောက်နှင့် ကမ်းနားလမ်းကုန်တိုက်အနီးတို့တွင် လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဗုံးပေါက်ပွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။