မောတောင်နယ်စပ်ဂိတ် ဩဂုတ် ၁ရက်နေ့ ပြန်ဖွင့်မည်ဟုဆို

0
478
Photo - AKM Tourism

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်-စင်းခွန်ဂိတ်ကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုန်သည်၊ အေးဂျင့်များနှင့် ကုန်ကားမောင်းသူများထံမှ သိရသည်။

မောတောင်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ လေးလကြာပိတ်ထားခြင်းပြီး လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ဩဂုတ်လ ၂ရက်နေ့တွင် ကုန်သွယ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဩဂုတ်လ ၂ ရက်နေ့ကစပြီး ကုန်ပစ္စည်းတွေ ပြန်တင်ပို့ခွင့်ရပါပြီ။ လူအဝင်အထွက်ကိစ္စကတော့ ထိုင်းဖက်က ပြန်ပြီး အကြောင်းပြန်မယ်လို့ ပြောပါတယ်” ဟု မောတောင်ဂိတ်မှတစ်ဆင့် ထိုင်းဘက်သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နယ်စပ်ဂိတ် တာဝန်ရှိသူများထံမှ သိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ စင်းခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်၏ လက်ရှိကိုဗစ် 19 စည်းမျဉ်းစည်းကမ်းနှင့် ကြေညာချက်များအရ ကုန်သွယ်မှုကိစ္စရပ်များကို တနင်္လာနေ့မှ စနေနေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြိုတော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တနင်္ဂနွေနေ့တွင် သန့်ရှင်းရေးပြုလုပ်ရန် အပတ်စဉ်ပိတ်သွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် ဩဂုတ်လတွင် ပြန်ဖွင့်မည်ဟု သိရှိရပြီး ယင်းသို့ ပြန်ဖွင့်သည့်အတွက် ဝမ်းသာမိကြောင်း ရေထွက်ပစ္စည်း ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

“မောတောင်ဂိတ် ပိတ်ပြီးကတည်းက ကော့သောင်းလမ်းကသွားနေရတာ ဝေးလည်းဝေးတယ်။ လူရော ကားရော ပင်ပန်းတယ်။ အကုန်အကျလည်းများတယ်။ အခုပြန်ဖွင့်တော့ ဝမ်းသာကြိုဆိုတယ်” ဟု ၎င်းက ပြောဆိုသည်။

မြိတ်မှ မောတောင်နယ်စပ်ဂိတ်သို့ ကားဖြင့် သုံးနာရီသာ မောင်းရပြီး မြိတ်မှ ကော့သောင်းသို့ မောင်းချိန် ၉ နာရီကြာ ကြောင်း ကားသမားများက ပြောသည်။

“ရေထွက်ပစ္စည်းက မြန်မြန်ရောက်နိုင်လေ လတ်ဆတ်လေပဲ။ မောတောင်လမ်းကဆို အဆုံးအရှုံးလည်း သက်သာတယ်” ဟု ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး ဧပြီလအတွင်းတွင်မူ တနင်္သာရီမြို့နှင့် မောတောင်အကြား ကျေးရွာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းနောက် မောတောင်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က ပိတ်သွားခဲ့သည်။