မြိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်ဖမ်းဆီးမှုဆက်တိုက်ဖြစ်လာ

0
255

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့ ကန်ကြီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် တပ်ပြင်ဈေးအတွင်း ဈေးခင်းနေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရသည်။

ယင်းသို့အပစ်ခံရပြီးနောက် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီး မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“နေ့ရော ညရော စစ်တယ်။ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင် မစုံလို့ အဖမ်းခံရတာတွေလည်း ဆက်တိုက်ဖြစ်လာ နေတယ်” ဟု ဒေသခံ ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၃၀) နံနက်ကလည်း မြိတ်မြို့တိုးချဲ့ဈေးတွင် ဈေးဝယ်ရန်လာသည့် ဆိုင်ကယ်များနှင့် ဖြတ်သန်း သွားလာသည့် ဆိုင်ကယ်များအား ဖမ်းဆီးကာ ဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းနေရာအနီးတဝိုက်တွင် ဆိုင်ကယ် အစီးရေ ၄၀ ကျော် အဖမ်းခံရသည်ဟု မျက်မြင်များက ဆိုသည်။

ယင်းဈေးအနီးဝန်းကျင်တွင် ယနေ့ နံနက် ၃ နာရီကျော်မှ ၅ နာရီဝန်းကျင်အထိ ဖမ်းဆီးသည်ကို တွေ့ရကြောင်း ၎င်းတို့ ပြောဆိုသည်။ ပြီးခဲ့သည် ရက်ပိုင်းများတွင် အဆိုပါဈေးအနီးဝန်းကျင်၌ ယင်းသို့ ဖမ်းဆီးခြင်းမျိုး မရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မြိတ်မြို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။