တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
329

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

ကနေဒါမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး

ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဇူလိုင်လ၂၅ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ သေနတ်သမားအပါအဝင် လူ (၃) ဦးသေဆုံးပြီး နောက်ထပ် (၂) ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။

ဗန်ကူးဗားမြို့အရှေ့ဘက် (၂၅) မိုင်လောက်မှာရှိတဲ့ လန်ဂလေမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှုတွေက ပတ်ဝန်းကျင်မှာနေတဲ့ အိမ်ခြေမဲ့သူတွေကို ပစ်မှတ်ထားခဲ့တာလို့ ယူဆရကြောင်း သိရပါတယ်။

ဒဏ်ရာရတဲ့အမျိုးသမီးတစ်ဦး စိုးရိမ်ရတဲ့အခြေအနေရှိပြီး နောက်ထပ်အမျိုးသားတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ဘာကြောင့်ပစ်ခတ်သလဲဆိုတာတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

Ref: Reuters

ဥရောပကို ဓာတ်ငွေ့တင်ပို့မှု လျှော့ချမယ်လို့ ရုရှားထုတ်ပြန်

ရုရှားအစိုးရပိုင် Gazprom စွမ်းအင်ကုမ္ပဏီက ဥရောပသို့ ဓာတ်ငွေ့တင်ပို့နေမှုများကို မမျှော်လင့်ဘဲ သိသိသာသာလျှော့ချသွားမယ်လို့ ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်မှစတင်ကာ North Stream ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ ဓာတ်ငွေ့ပေးပို့မှုကို တစ်ရက် ကုဗမီတာ ၃၃ သန်းအထိသာ ပေးပို့တော့မယ်လို့ Gazprom ကပြောကြားခဲ့ကာ ထိုပမာဏမှာ ပိုက်လိုင်းက ပေးပို့နိုင်တဲ့ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာရှိမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (EU)သို့ ဓာတ်ငွေ့ပေးပို့မှုတွေ ဖြတ်တောက်ဖို့ Gazprom ၏ စီမံမှုတွေကြောင့် အီးယူနိုင်ငံတွေအနေနဲ့ အခုဆောင်းရာသီမှာ ရုရှားဓာတ်ငွေ့သုံးစွဲမှုကို လျှော့ချဖို့သဘောတူကြရမယ်လို့ အီးယူဥက္ကဋ္ဌတာဝန်ယူထားတဲ့ ချက်ဝန်ကြီးတစ်ဦးက ပြောကြားထားပါတယ်။

Ref: Aljazeera

စင်ကာပူမှာ ဒေသတွင်း မျောက်ကျောက်ရောဂါကူးစက်သူ ၁၁ ဦးအထိ ရှိလာ

စင်ကာပူနိုင်ငံမှာ ဒေသတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခြင်းခံရသူတစ်ဦးကို ဇူလိုင် ၂၇ မှာ ထပ်မံတွေ့ရှိလိုက်ရတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၁၁ ဦးရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အခုကူးစက်ခံရသူမှာ အသက် ၃၂ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ကာ ဇူလိုင် ၁၂ ရက်နေ့ကနေစလို့ စတင်ဖျားနာခဲ့ပြီး ပေါင်ခြံတွေမှာ မျောက်ကျောက်အဖုတွေ ပျံ့နှံလာခဲ့တယ်လို့ ဆိုပါတယ်။

ကူးစက်ခံရသူကို နိုင်ငံတော်ကူးစက်ရောဂါဗဟိုဌာန (National Centre for Infectious Diseases (NCID)မှာ ထားရှိကာ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိတယ်လို့ စင်ကာပူ ကျန်းမာရေး၀န်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

Ref: CNA

ထိုင်းမှာ အချိုမှုန့်အတုထုတ်လုပ်ရောင်းချတဲ့နေရာ ၃ ခု ကိုဝင်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်မှာ အချိုမှုန့်အတုနဲ့ ကြက်သားမုန့်အတုထုတ်လုပ်သည့်နေရာ ၃ ခုကို ဇူလိုင် ၂၇ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ကာ တန်ဖိုး ဘတ်သန်း ၂၀ ရှိတဲ့ သက်သေခံပစ္စည်း ၅၄၀၀၀ ကျော်ကို သိမ်းဆည်းရမိတယ်လို့ ထိုင်းအာဏာပိုင်များမှ ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံစီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ နဲ့ အာချီနိုမိုတိုကုမ္ပဏီတို့မှ ပူးပေါင်းကာ ပထုန်ဌာနီခရိုင်မှာ ရှိတဲ့ အချိုမှုန့်အတုနဲ့ ကြက်သားမှုန့်အတု ထုတ်လုပ်ရောင်းချနေတဲ့ နေရာတွေကို ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုနေရာတွေကနေ ထုတ်လုပ်နေတဲ့ အချိုမှုန့်အတုနဲ့ ကြက်သားမှုန့်အတုတွေကို ပထုမ်ဌာနီခရိုင်နဲ့ အနီး အနားမှာရှိတဲ့ ဈေးဆိုင်တွေကနေတဆင့် ဖြန့်ချိရောင်းချနေတယ်လို့ ဆိုပါတယ်။

Ref: CH 7 HD

ချက်နိုင်ငံမှာ သိမ်းဆည်းရမိတဲ့ ပြိုင်ကားကို ရဲကားအုပ်စုထဲ ထည့်သွင်း

 ရာဇဝတ်ကောင်တွေဆီကနေ သိမ်းဆည်းရမိခဲ့တဲ့ တစ်နာရီ (၂၀၂) မိုင်နှုန်းအထိသွားနိုင်တဲ့ ဖာရာရီကားတစ်စင်းကို ရဲကားအုပ်စုထဲသို့ ထည့်သွင်းလိုက်ကြောင်း ချက်သမ္မတနိုင်ငံရဲတပ်ဖွဲ့က ထုတ်ဖော်ပြသလိုက်ပါတယ်။

အဆိုပါ Ferrari 458 Italia ကားကို တရားမဝင်လမ်းမပေါ်ကားပြိုင်တာနဲ့ခိုးခံရတဲ့ကားတွေကို လိုက်ဖမ်းတဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပြီး ကားဟာ (၃.၄) စက္ကန့်အတွင်း တစ်နာရီကို (၀) ကနေ (၁၀၀) ကီလိုမီတာနှုန်းနဲ့သွားနိုင်တယ်လို့ သိရပါတယ်။

ရာဇဝတ်ကောင်တွေဆီကနေ သိမ်းဆည်းရမိထားတဲ့ ကားရာချီရှိနေပြီး အဲဒီကားတွေကို နိုင်ငံတဝှမ်း မှုခင်းတိုက်ဖျက်ရာမှာ အသုံးပြုနေကာ အထူးလေ့ကျင့်ထားတဲ့အရာရှိတွေက မောင်းနှင်မှာဖြစ်တယ်လို့ ချက်ရဲတပ်ဖွဲ့ကပြောပါတယ်။

Ref: BBC

ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း မနီလာမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ လူငါးဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူတွေ ဒါဇင်နဲ့ချီပြီးရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ပြင်းအားရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်ဟာ Abra ပြည်နယ် တောင်တန်းဒေသကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒအဖွဲ့အစည်းမှ ခေါင်းဆောင် Renato Solidum ကပြောဆိုခဲ့ပါတယ်။

အဆိုပါငလျင်ကြောင့် လူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကာ အဆောက်အဦးတွေ အများအပြား ပြိုကျပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေ ထပ်မံလှုပ်နိုင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။

Ref: CBS News

အိန္ဒိယမှာ မိုးကြိုးထိမှန်ပြီး လူ (၂၀) သေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ခရိုင်(၈) ခုမှာ ပြီးခဲ့တဲ့ (၂၄)နာရီအတွင်း မိုးကြိုးထိမှန်မှုကြောင့် လူ (၂၀)ဦး သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၇ နဲ့ ၂၈ ရက်တို့မှာ ပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေ မုန်တိုင်းနဲ့ မိုးကြိုးတွေ ဆက်ပြီးရှိနေနိုင်ကာ

သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်တွေရဲ့အကြံပေးချက်တွေကို သေသေချာချာလိုက်နာကြဖို့ ပြည်သူတွေကို ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားက ညွှန်ကြားထားပါတယ်။

မုတ်သုန်မိုးရွာချိန်မှာ မိုးကြိုးပစ်မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ်လူရာချီသေဆုံးလေ့ရှိကာ သေဆုံးရတဲ့အကြောင်းရင်းတစ်ခုက ပြင်ပထွက်အလုပ်လုပ်သူဦးရေ ပိုများလို့ ဖြစ်ပြီး သေဆုံးသူတစ်ဦးချင်းစီရဲ့မိသားစုကို ထောက်ပံ့ငွေ ရူပီး (၄) သိန်းစီပေးသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

Ref: BBC

ဖိလစ်ပိုင် သေနတ်ပစ်မှု မြို့တော်၀န်ဟောင်းအပါအ၀င် ၃ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ တက္ကသိုလ်တစ်ခုရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဇူလိုင် ၂၄ ရက်က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့လို့ မြို့တော်၀န်ဟောင်းတစ်ဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး အခြားသူ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုပစ်ခတ်မှုဟာ ဖိလစ်ပိုင်တောင်ပိုင်း Lamitan မြို့တော်၀န်ဟောင်း Rose Furigay ကို ပစ်မှတ်ထားကာ လုပ်ကြံတာဖြစ်နိုင်ချေရှိတယ်လို့ Quezon မြို့တော် ရဲချုပ် Remus Medina ကပြောကြားပါတယ်။

သေနတ်သမားမှာ ဖမ်းဆီးရမိထားပြီဖြစ်ပြီး သူက လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားပုံရကာ ပစ္စတို ၂လက်နဲ့အတူ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Kuwait Time

အီရတ်လွှတ်တော်ကို ဆန္ဒပြသူတွေဝင်စီး

ရာနဲ့ချီသောဆန္ဒပြသူတွေက ဘာသာရေးဆရာ မက်တာဒါ အယ်ဆာဒါ (Muqtada al-Sadr) ကိုထောက်ခံသူတွေကနေ ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်းတင်သွင်းခဲ့လို့ အီရတ်နိုင်ငံမြို့တော်ဘက္ကဒတ်ရဲ့ လုံခြုံရေးထူထပ်တဲ့ အီရတ်လွှတ်တော်အဆောက်အဦးကို ချိုးဖောက်ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ထိုးခဲ့ပေမဲ့လည်း ဆန္ဒပြလူစုက သံရုံးတွေအပါအဝင် ဘက္ကဒတ်မြို့ရဲ့အရေးအကြီးဆုံးအဆောက်အဦးတွေရှိတဲ့ ဂရင်းဇုန်ကို ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်ကာဟီမီ (Mustafa al-Kadhimi) က အဆောက်အအုံထဲမှာ ကနေ၊ သီချင်းဆိုနေပြီး စားပွဲတွေပေါ် လှဲနေကြတဲ့ဆန္ဒပြလူစုကို အဆောက်အဦးအထဲကနေထွက်သွားဖို့ တောင်းဆိုထားပါတယ်။

Ref: BBC

ကြော်ငြာကနေ ပထမဆုံး ဝင်ငွေကျဆင်းကြောင်း Facebook ထုတ်ပြန်

Facebook နဲ့ Instagram တို့ကိုပိုင်ဆိုင်တဲ့ Meta က ပြီးခဲ့တဲ့ (၃) လအတွင်း ကြော်ငြာကနေဝင်ငွေရရှိခဲ့မှု ကျဆင်းခဲ့ပြီး ဒါဟာ ကုမ္ပဏီသမိုင်းမှာ ပထမဆုံးနှစ်စဉ်ဝင်ငွေကျဆင်းခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Meta ရဲ့ဝင်ငွေဟာ (၁) ရာခိုင်နှုန်းအနေဖြင့် ဒေါ်လာ ( ၂၈.၈) ဘီလီယံ ကျဆင်းခဲ့ပေမဲ့ အသုံးပြုသူတွေကျဆင်းလာတာကိုတော့ ကုမ္ပဏီကနေ ကာကွယ်လုပ်ဆောင်နေတယ်လို့ ကြေညာထားပါတယ်။

TikTok လိုမျိုး ပြိုင်ဘက်ကုမ္ပဏီတွေကို လူကြိုက်များမှုတွေကြောင့် ကြော်ငြာကနေဝင်ငွေရဖို့ ပို၍ ပြိုင်ဆိုင်မှုရှိလာကြပြီး ဒါကိုတုံ့ပြန်တဲ့အနေနဲ့ Facebook နဲ့ Instagram တို့ကို Tik Tok လိုမျိုး လုပ်ဆောင်ဖို့ နည်းစနစ်တွေ ပြောင်းလဲခဲ့ပါတယ်။

Ref: BBC