အလုပ်သမား တရားမဝင်ပို့နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိသည်ဟု ထိုင်းရဲပြော

0
615

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံသူတစ်ဦးကို တာခ့်ခရိုင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြဝတီတစ်ဖက်ကမ်း တာခ့်ခရိုင် မဲဆောက်ဒေသတွင် ပုန်းခိုနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်များတွင် ဖော်ပြသည်။

မြန်မာ အလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသောကြောင့် အသက် ၃၈ နှစ်အရွယ် နန်းခင်စောမူအမည်ရှိ မြန်မာနိုင်ငံသူကို ချိုင်းနတ်ခရိုင်တရားရုံး ဝရမ်းထုတ်ထားကြောင်း ရေးသားဖော်ပြသည်။

ချိုင်းနတ်ခရိုင်တွင် ထိုင်းနိုင်ငံသား ကားသမားက စွန့်ပစ်ခဲ့သော မြန်မာအလုပ်သမား ၂ ဦး၏ အလောင်းကို မေလ ၁၉ရက်နေ့ တွင် တွေ့ရှိရပြီးနောက် အမှုနှင့် သက်ဆိုင်သောသူများကို တရားရုံးက မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဝရမ်းထုတ် ရှာဖွေဖမ်းဆီးနေခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဝရမ်းတွင်ပါသော မြန်မာနိုင်ငံသားတစ်ဦးမှာ တာခ့်ခရိုင် မဲဆောက်ဒေသ ထာ့စိုင်လိုဝ်ရွာ ၁ ရပ်ကွက်တွင် အိမ်ငှား နေထိုင်နေသည်ဟု သတင်းရသဖြင့် မဲဆောက်တရားရုံးမှ ရှာဖွေခွင့် ဝရမ်းတောင်းကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။  

မြန်မာအလုပ်သမားများ၏ အ‌လောင်းကို စွန့်ပစ်ခဲ့သော ထိုင်းနိုင်ငံသား ကားမောင်းသမားကို ဖမ်းဆီးရရှိခဲ့ပြီးနောက် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးနေသော အဖွဲ့ကို ဝရမ်းထုတ်ရှာဖွေခဲ့ရာမှ နန်းခင်စောမူ ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းသည် မြန်မာလုပ်သားများကို တရားမဝင်ပို့ဆောင်ရာတွင် စီစဉ်ညွှန်ကြားသူဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။

နန်းခင်စောမူသည် မြန်မာနိုင်ငံက မပေါက် အမည်ရှိသူနှင့်အတူ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ပို့ဆောင်ရန်အတွက် ထိုင်းနိုင်ငံသား ကားသမားများနှင့် ချိတ်ဆက်ပေးနေခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

မပေါက်က ထိုင်းနိုင်ငံသား ကားသမားများ၏ ဖုန်းနံပတ်ကိုပေး၍ ချိတ်ဆက်ပေးရခြင်းဖြစ်ပြီး မြန်မာအလုပ်သမား တစ်ဦးပို့လျှင် ဘတ် ၂၀၀ မှ ၅၀၀ အထိ လက်ခံရရှိကာ အဆိုပါအလုပ်မျိုးကို ၁၀ ကြိမ်ခန့်အထိ ဆောင်ရွက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖမ်ဆီးရမိသော မြန်မာနိုင်ငံသားကို ထိုင်းဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်အတွက် ချိုင်းနတ်ခရိုင် ဟမ်နန်စခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

 Ref: CH 7 HD NEWS, Nation Online