တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာ၊ အကန့်သတ်ဖြင့်ရောင်းချနေရ

0
320

တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာသဖြင့် အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း ဂတ်စ် ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီဈေးကွက်အတွင်းမှ သိရသည်။

ဂတ်စ်တင်သွင်းသည့် ကုမ္ပဏီက လက်လီအရောင်းဆိုင်များကို အကန့်အသတ် ခွဲတမ်းဖြင့် ရောင်းချပေးခြင်းကြောင့် လိုသလောက် ဝယ်ယူမရဖြစ်လာပြီး ဈေးကွက်တွင် ဂတ်စ် ပြတ်လပ်မှုဖြစ်လာကြောင်း ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ ဂတ်စ်အရောင်းဆိုင်မှ ဆိုင်ရှင် အမျိုးသမီးကြီးက ပြောသည်။

ယခင်က ဂတ်စ် ကုမ္ပဏီတွင် ၄၈ ကီလို ဂတ်စ်အိုး အလုံး ၂၀ ဝယ်ယူခွင့်ရသော်လည်း ယခု ဇွန်-ဇူလိုင်လထဲတွင် အလုံး ၂၀ မှာယူသော်လည်း ၎င်းတို့ဆိုင်အတွက် ၁၀ လုံးသာ ခွဲတမ်းရရှိသည်ဟု ၎င်းက ပြောသည်။

“ပစ္စည်းက အရင်ရှိနေတာလောက်ကိုပဲ မှေးပြီးထည့်ပေးနေရတယ်။ အန်တီဆို အခု မီးသွေးပြန်ဝယ်ထားရတယ်” ဟု အထက်ပါအမျိုးသမီးကြီးက ပြောသည်။

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ ဂတ်စ် ဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း ကုမ္ပဏီတွင် လိုသလောက် ဝယ်ယူမရဖြစ်လာခြင်း၊ ဂတ်စ်ကား ကြန့်ကြာနေခြင်းတို့ကြောင့် အကန့်အသတ်ဖြင့် ရောင်းချပေးနေရသည်ဟု ပြောသည်။

ကစယ်ဒိုထူးကုမ္ပဏီသည် တနင်္သာရီတိုင်းအတွက် ဂတ်စ်လိုအပ်ချက်ကိုဖြည့်ဆည်းရန် မြဝတီ၊ ရန်ကုန်လမ်းကြောင်းမှ တင်သွင်းနေသည့် အခြားကုမ္ပဏီများထံမှ ဂတ်စ်ကို ဝယ်ယူကာ တနင်္သာရီတိုင်းကို ဆက်လက်ဖြန့်ချိနေခြင်းဖြစ်သည်ဟု ကစယ်ဒိုထူးကုမ္ပဏီမှ အရောင်းမန်နေဂျာ ဒေါ်ခင်မူက ဆိုသည်။

ကစယ်ဒိုထူးကုမ္ပဏီသည် တနင်္သာရီတိုင်းတွင် ဂတ်စ်တင်သွင်းခွင့်ကို ရရှိထားသည့် တစ်ခုတည်းသော ကုမ္ပဏီလည်းဖြစ်သည်။

အစိုးရက ပြည်ပမှ ဂတ်စ်တင်သွင်းခွင့် ပမာဏကို လျှော့ချခွင့်ပြုနေပြီး မည်သည့်အကြောင်းကြောင့် တင်သွင်းခွင့် ပမာဏအား လျော့ချထားသည်ကိုမူ မသိရကြောင်း ဒေါ်ခင်မူက ပြောသည်။

“ခွဲတမ်းကနည်းတဲ့အခါကျတော့ ရန်ကုန်ကခွဲတမ်းက ရန်ကုန်မှာတင်ကုန်သွားတယ်၊ မြဝတီမှာ သွင်းတဲ့ဟာလည်း ရန်ကုန်၊ မန္တလေးဘက်မှာ ကုန်သွားတယ်၊ အဲဒါကြောင့် တနင်္သာရီတိုင်းအတွက် သွားဝယ်ဖို့ ပစ္စည်းကရှားလာတယ်၊ ဝယ်ဖို့မရှိဘူးပေါ့၊ အဲဒါကြောင့် တနင်္သာရီတစ်တိုင်းလုံး ဂတ်စ်ပြတ်နေပါတယ်ရှင်” ဟု ဒေါ်ခင်မူက ဆိုသည်။

အစိုးရက ဂတ်စ်တင်သွင်းသည့် ပမာဏကို ကန့်သတ်ထားသည့်ကာလဖြစ်သည့် ဧပြီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်က ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု ရမ္မဇူရွာနှင့် သရက်ငုတ်ရွာကြားတွင်  Awra Trading ကုမ္ပဏီက ဓာတ်ငွေ့တင်ဆောင်လာသည့် ကားနှစ်စီး မီးရှို့ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဂတ်စ်ကားနှစ်စီး မီးရှို့ခံရသည့် ဖြစ်စဉ်ဖြစ်ပွားမှုအပြီး ဧပြီလ ၂၄ ရက်နေ့တွင် ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ တိုက်ခိုက်သိမ်းပိုက်မှု ဖြစ်ပွားခဲ့သည်။

ယင်းနောက် ဧပြီလကုန်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာဘက်က စတင်ပိတ်ထားခဲ့ပြီး ယနေ့အထိပြန်မဖွင့်သေးကြောင်း သိရသည်။

“ဒီလမ်းကြောင်းကို အသုံးပြုဖို့ ခက်ခဲသွားတာဖြစ်လို့ အမတို့ လုံးဝ ရပ်ဆိုင်းလိုက်တာ၊ စကားပြောရမယ်ဆိုရင် အများကြီးပြောရမှာ အဖွဲ့တွေကလည်း အများကြီး အဖွဲ့တွေကလည်း အမျိုးမျိုးဆိုတော့ အမတို့လည်း မသွားရဲတော့လို့ နားထားတာ၊ အမတို့ ကားတွေလည်း ဒီတိုင်းထိုးထားတယ်၊ လိုင်စင်လည်း ဒီတိုင်း ကိုင်ထားတာ” ဟု ဒေါ်ခင်မူက ပြောသည်။

တိုင်းအတွင်း ဂတ်စ်ပြတ်လပ်မှုပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ထိုင်း-မြန်မာနယ်စပ် ထီးခီး၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုကို ပြန်လည်ဖွင့်လှစ်ပေးရန် တိုင်းအစိုးရကို တောင်းဆိုသွားမည်ဟု ဒေါ်ခင်မူက ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင် ဂတ်စ်ဈေးတက်နေခြင်း၊ ထိုင်းဘတ်ငွေဈေးတက်နေခြင်းတို့ကြောင့် ဂတ်စ်ဈေးတက်နေသည့်အပြင် အစိုးရက ကုမ္ပဏီများကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုထားခြင်း၊ ဂတ်စ်သယ်ယူနေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျောက်တွင် စစ်ရေးတင်းမာနေခြင်းတို့ကြောင့် ဂတ်စ်သယ်ယူမှု အခက်အခဲများရှိလာပြီး ဈေးကွက်အတွင်း ဂတ်စ်ပြတ်လပ်မှု ကြုံနေရခြင်းဖြစ်သည်။

ကိုဗစ်ကာလက ဂတ်စ် တကီလို ၁၂၀၀ ကျပ်ခန့်သာရှိသော်လည်း ၂၀၂၂ ခုနှစ် မေလတွင် တကီလိုလျှင် ၂၇၀၀ ခန့်ဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ယခု ဇူလိုင်လတွင် ကမ္ဘာ့ဂတ်စ်ဈေးတက်မှုနှင့် ထိုင်းဘတ်ငွေဈေးတက်လာမှုကြောင့် တစ်ကီလို ၃၅၀၀ ကျပ်ခန့်အထိ ဖြစ်လာသည်ဟု ဈေးကွက်အတွင်းက သိရသည်။

အိမ်ရှင်မများနှင့် စားသောက်ဆိုင်များမှာ ဂတ်စ်ပြတ်လပ်ပါသွားပါက မီးသွေးနှင့် ထင်းမီးကိုအစားထိုး အသုံးပြုနိုင်သော်လည်း ငါးဖမ်းလှေများအတွက် အခက်တွေ့နိုင်သည်ဟု ဒေါ်ခင်မူနှင့် ဂတ်စ်ရောင်းချသူအချို့က ပြောသည်။

ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းလှေများမှာ ဂတ်စ်ကို အဓိကထားအသုံးပြုရသည်။

ဂတ်စ် ပြတ်လိုက် ပြန်ရလိုက်ဖြစ်နေသည်မှာ မေလကတည်းဖြစ်ပြီး လက်ရှိတွင် လိုသလောက်ဝယ်ယူမရဖြစ်လာသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း အရောင်းဆိုင်အချို့က ပြောသည်။