မောင်းမကန်ရွာသားငါးဦး အဖမ်းခံရ

0
750

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းက အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ နံနက် ၄ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် မောင်းမကန် ဈေးလမ်းရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး ရွာသားငါးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုညီညီအောင်နှင့် အသက် ၄၀ ကျော်အရွယ်များဖြစ်သည့် ကျေးရွာဈေးအနီး နေထိုင်သည့် ဦးသိန်းစိုး၊ ဦးအောင်ကျော်လွင်၊ ဒေါ်လွင်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ်ရှိ မညီမလေး ဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက်စောစောက အိမ်တွေကို ဝင်စစ်နေတယ်။ ပြီးတော့ရွာထဲမှာလည်း ပတ်ပြီးသွားနေတယ်။ ကျွန်မတို့လည်း ရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသခံငါးဦးမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံထားရသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်သေးပေ။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ရေဖြူရွာသား သုံးဦး ဖမ်းဆီးခံထားရပြီး လေးရက်အတွင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာအသီးသီးတွင် ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၂ ရက်ကစပြီး ဒေသခံများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဇူလိုင်လ ၂၄ရက်နေ့ နံနက်ကလည်း လောင်းလုံးမြို့ပေါ်က အလှူသို့ကြွသည့် ပညစ်ရွာကျောင်းထိုင်ဆရာတော်နှင့် ဈေးဝယ်သွားသည့် ဒေသခံများ စုစုပေါင်း ခုနစ်ဦးမှာ ကားနှစ်စီးဖြင့်သွားကြရာ လမ်းခရီးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တွေ့သဖြင့် ဖမ်းဆီးခံခဲ့ရသေးသည်။

ယင်းအနက် ဆရာတော်နှင့် ဒေသခံငါးဦးတို့မှာ ယင်းနေ့ညပိုင်းတွင် ပြန်လွတ်လာပြီး ကျန်တစ်ဦးမှာ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။