ပညစ်ရွာ ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ပြန်လွတ်လာ

0
328

လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲ ဇူလိုင်လ ၂၈ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၄ ရက် နံနက်က လောင်းလုံးမြို့ပေါ်က အလှူသို့ကြွသည့် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဈေးဝယ်သွားသည့် ဒေသခံများ ကားနှစ်စီးဖြင့်သွားကြရာ လမ်းခရီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့သဖြင့် ဖမ်းဆီးခံခဲ့ ရသည်။

ယင်းနေ့ ညနေပိုင်းတွင် ဆရာတော်နှင့် ဒေသခံငါးဦးကို ပြန်လွတ်ပေးခဲ့ပြီး ဆရာတော်ကား၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲကို ဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ဦးမဲမဲမှာ လောင်းလုံးရဲစခန်းတွင် လေးရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့က ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။

“ဦးမဲမဲကတော့ မနေ့က အိမ်ပြန်ရောက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းရွာတွင် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဒေသခံ ဦးမင်းဇော်ဆိုသူကို စစ်ဆေးရန် ရှိသဖြင့် ရဲစခန်းက ခေါ်ခိုင်း သည်ဟုဆိုကာ သေနတ်သမားနှစ်ဦးက ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ဆိုသည်။

ရဲစခန်းက ခေါ်သည်ဆိုသဖြင့် မိသားစုဝင်များ ရဲစခန်းသို့ လိုက်လံမေးမြန်းရာတွင်လည်း မတွေ့ရဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဦးမင်းဇော်ကတော့ အခုအထိ ဘာသတင်းမှ မရသေးဘူး။ ရဲစခန်းကတော့ မိသားစုကို ခေါ်စစ်နေတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကို အတည်မပြုနိုင်သေးပေ။