သရက်ချောင်း ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
411

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၅၀ အရွယ် ဦးတင်လင်းဆိုသူကို နံနက် ၄ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကင်းရှေ့ရွာအထွက်ရှိ ဆီဆိုင်အနီးတွင် သေနတ်ဖြင့်ပစ်သတ်ကာ ထားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲမှာ သတင်းထွက်နေတာကတော့ ဒလန်လိုလို ဘာလိုလိုပေါ့နော်” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လတွင်းက ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဦးတင်လင်းဆီကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးစာပေးခဲ့သည်ဟု သတင်းများကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ကင်းရှေ့ရွာနှင့် ကျောက်လှေကားရွာတို့မှာ ၄ မိုင်ခန့် ကာဝေးဖြင့် ဆိုင်ကယ်ဖြင့်သွားပါက ၂၅ မိနစ်ခန့်သွားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်၊ ပျူစောထီးတို့အား သတင်းပေးခြင်း၊ ပတ်သက်ခြင်းတို့ မလုပ်ရန် သတိပေးစာ ပေးပို့ခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

သို့သော် အထက်ပါပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဦးတင်လင်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း မသိရသေးပေ။

သေဆုံးသူ ဦးတင်လင်း၏ အလောင်းကို မီးသင်္ဂြိုဟ်ရန် ၎င်း၏ ဇနီးဖြစ်သူက ရွာထဲတွင် အကူအညီတောင်းသဖြင့် ယနေ့ နံနက် ၁၀ ခန့်တွင်ပင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သရက်ချောင်းမြို့နယ် စော်ဖျား၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ ကျောက်လှေကား၊ ကထီးဝ၊ ကြာအင်း၊ ဟင်းဘုတ်ချောင်း စသည့် ကျေးရွာတခွင်တွင် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့တို့နှင့် ပူးပေါင်းသူ၊ ဒလန်ဆိုသူများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပစ်ခတ်ရှင်းလင်းမှုများ မကြာခဏ ရှိနေသည်။

ဇူလိုင်လ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် ကျောက်လှေကားရွာ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အလွန်အကျွံသုံးကာ ပစ်ခတ်ခဲ့မှုကြောင့် PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က ကျဆုံးမှုရှိသည်ဟု PDF တပ်ဖွဲ့က ထုတ်ဖော်ပြောဆိုသော်လည်း အရေအတွက် အတိအကျကိုမူ မသိရပေ။