ကော့သောင်းမှတဆင့် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၅၈ဦးဖမ်းဆီးခံရ

0
722

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကော့သောင်းနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၈ ဦးကို ယနေ့ (ဇူလိုင်၂၆) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

တရားမဝင် မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသရှိ ဖက်ခ်ျကစမ်လမ်းပေါ်သို့ သွားနေသည်ဟု သတင်းရရှိသဖြင့် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့က ယနေ့ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပထမကားတစ်စီးတွင် မြန်မာအလုပ်သမား ၃၅ ဦး လိုက်ပါလာပြီး အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၂ဦးတို့ ပါဝင်ကာ ကား၏အနောက်တွင် ဘေးပတ်လည်ကို တာလပတ်အပြာရောင်ဖြင့် ဖုံး၍ လိုက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒုတိယကားတွင် မြန်မာအလုပ်သမား ၂၃ ဦးအနက် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ပါဝင်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တတိယကားမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်း အမျိုးသမီး တစ်ဦးတည်း မောင်းနှင်လိုက်ပါလာပြီး မြန်မာအလုပ်သမားများကို လွှဲပြောင်းရယူရန် ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအလုပ်သမားများနှင့်အတူ ထိုင်းနိုင်ငံသား ကားမောင်းသမား သုံးဦးစလုံးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် လွန်ခဲ့သော ၅ ရက်ခန့်က မြန်မာနိုင်ငံ မြို့အသီးသီးမှ လာရောက်ကြခြင်းဖြစ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်အတွက် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲတွင် လာဆုံကြခြင်းဖြစ်သည်ဟု ဆိုသည်။

ခမောက်ကြီးမြို့နယ်ခွဲမှတစ်ဆင့် လှေနှစ်စီးဖြင့် ည ၈ နာရီခန့်တွင် ထိုင်းနယ်စပ်သို့ဖြတ်ကာ တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် အဆိုပါကားများဖြင့် လိုက်ပါလာကြခြင်းဖြစ်သည်ဟု မြန်မာများက ထွက်ဆိုသည်ဟု ဖော်ပြသည်။

၎င်းတို့တွင် မလေးရှားသွားမည့်သူများမှာ တစ်ဦးလျှင် ဘတ် ၅၅၀၀၀ ကုန်ကျမည်ဖြစ်ကာ ထိုင်းနိုင်ငံရှိ ခရိုင်များတွင် သွားရောက်လုပ်ကိုင်မည့်သူများမှာ ဘတ် ၂၅၀၀၀ မှ ၃၅၀၀၀ အထိ ကုန်ကျမည်ဖြစ်သည်ဟု မြန်မာအလုပ်သမား များက ပြောဆိုကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော မြန်မာအလုပ်သမား ၅၈ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမား သုံးဦးတို့ကို ကိုဗစ် ရောဂါရှိမရှိ စစ်ဆေး ပြီးနောက် ထိုင်းဥပဒေများအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုမြင့်တက်လျက်ရှိနေရာ ပြီးခဲ့သော ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ စာရင်းများအရသိရသည်။

ယင်းအချက်အလက်မှာ FED က ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်ပိုများနိုင်ကြောင်းလည်း ယင်းအဖွဲ့က ဆိုထားသည်။

Ref: หน่วยเฉพาะกิจกรมทหารราบที่ 25