မြိတ်တွင် မန်ဂျန်ရှားအပင် စိုက်ပျိုးမှုများရှိလာ

0
1151

မြိတ်မြို့ရှိ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့ မန်ဂျန်ရှားအပင်အား စိုက်ပျိုးမှုများရှိလာနေကြောင်း ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်များထံမှ သိရသည်။

မန်ဂျန်ရှားပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၃၀ မှ ၅၀ အထိရှိပြီး အမြင့်ပေ တစ်ရာနီးပါးအထိ မြင့်တက်နိုင်ကာ ‌ဖြောင့်တန်းသည့်အပင်တစ်မျိုးဖြစ်သည်။

“မနှစ်က မျိုးစေ့ဝယ်ပျိုးပြီး အပင်လေးဆယ်လောက် စမ်းပြီးစိုက်ထားတယ်” ‌ဟု တောင်ပုလဲရွာနေ ဥယျာဉ်ခြံရှင် တစ်ဦးက ပြောသည်။

အဆိုပါ မန်ဂျန်ရှားအပင်တို့အား ပြီးခဲ့သည့်သုံးနှစ်ဝန်းကျင်ခန့်မှစပြီး တစ်ပိုင်တစ်နိုင်ပုံစံဖြင့် စတင်စိုက်ပျိုးလာနေခြင်း ဖြစ်ကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့က ပြောပြသည်။

“တစ်ပိုင်တစ်နိုင်အနေနဲ့ စိုက်တာတွေပဲရှိတယ်။ အကြီးအကျယ်စိုက်တာ မရှိသေးဘူး” ဟု ဒေါရွာနေ ဥယျာဉ်ခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ တောင်ပုလဲရွာနှင့် အနီးတဝိုက်တို့ရှိ ကျေးရွာအများတို့တွင် မန်ဂျန်ရှားစိုက်ပျိုးမှု မရှိသေးဘဲ မြိတ်မြို့ အဝင်ရွာ တစ်ရွာတွင် သုံးနှစ်သက်တမ်းခန့်ရှိပြီဖြစ်သည့် အပင်ရေလေးဆယ်ခန့်အား စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့ကြောင်း အထက်ပါ ဥယျာဉ်ခြံရှင်က ပြောဆိုသည်။

မန်ဂျန်ရှားပျိုးပင်တစ်ပင်လျှင် တစ်ရာကျပ်မှ နှစ်ရာငါးဆယ်ကျပ်အထိနှင့် အစေ့ရေတစ်သိန်းကျော်အထိပါသည့် တစ်ကီလိုဂရမ် တစ်ထုတ်လျှင် နှစ်သိန်းကျပ်နီးပါးအထိရှိကြောင်း ၎င်းက ပြောပြသည်။

မန်ဂျန်ရှားပျိုးပင်တို့အား ရောင်းချနေသည်မှာ လေးနှစ်ခန့်ရှိပြီး ကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့တို့က ဝယ်ယူစိုက်ပျိုးနေကြပြီဖြစ်ကြောင်း မြစ်ငယ်ရပ်ရှိ ပျိုးပင်အရောင်းဆိုင်တစ်ဆိုင်က ပြောပြသည်။

“မျိုးစေ့တွေက ရန်ကုန်ဘက်ကမှာ စိုက်တာများတယ်။ ဆိုင်မှာက ပျိုးပင်ပဲရှိတာ။ တချို့ဆို အပင်ရေ နှစ်ရာကျော်အထိ ဝယ်ကြတာ ရောင်းလည်းရောင်းနေရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မန်ဂျန်ရှားအပင်အား တစ်ပင်နှင့် တစ်ပင် ခုနစ်ပေခြား စိုက်ပျိုးပါက တစ်ဧကတွင် အပင်ရေ ကိုးရာနီးပါးအထိ စိုက်ပျိုးနိုင်ကြောင်း အဆိုပါအပင်စိုက်ပျိုးသူတို့ထံမှ သိရသည်။

မန်ဂျန်ရှားအပင် သက်တမ်း ဆယ်နှစ်မှစပြီး သစ်ထုတ်ယူပြီး ပရိဘောဂတို့ဖြစ်သည့် တံခါး၊ လှေခါးလက်ရန်း၊ ခုံ၊ ကုလားထိုင်၊ စားပွဲ စသဖြင့် အသုံးပြုနိုင်သည်။

ပြည်တွင်းဈေးကွက်၌ တစ်တန်လျှင် ရှစ်သိန်းဝန်းကျင်ခန့်အထိ ပေါက်ဈေးရှိကြောင်း သစ်အရောင်းအဝယ် လုပ်ကိုင်နေသူအချို့ထံမှ သိရသည်။