ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦး ရွာပြန်ရောက်၊ တစ်ဦးပြန်မလွတ်လာသေး

0
332

လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦးမှာ ရွာသို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၂၄ရက် နံနက် ၇နာရီကျော်က လောင်းလုံးမြို့ရှိ အလှူသို့ ကြွ‌ရောက်သည့် ဆရာတော်နှင့် ရွာသားအချို့၊ ဈေးဝယ်သွားသည့် ရွာသားအချို့တို့ လိုက်ပါလာသည့် ကားနှစ်စီးမှာ လမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တွေ့ရှိရာမှ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

‌ပညစ်-လောင်းလုံးလမ်းတွင် ဆရာတော်နှင့် ဒေသခံခြောက်ဦးတို့ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီးနောက် ဆရာတော်နှင့် ဒေသခံ ငါးဦးတို့ကို ပြန်လွှတ်ပေးလိုက်သဖြင့် ရွာသို့ ယင်းနေ့ ညနေ ငါးနာရီခွဲခန့်တွင် ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပြန်ရောက်ပါပြီ။ ညနေပိုင်းမှာပဲ ပြန်ရောက်လာကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

သို့သော် ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲ (ခေါ်) ဦးမင်းသိန်းကို ခိုင်းစရာရှိသေးသည်ဟုဆိုကာ ခေါ်ထားလိုက်ပြီး ယနေ့ (ဇူလိုင် ၂၅) ညနေအထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်းဒေသခံတစ်ဦးကဆိုသည်။

“အခုထိ ပြန်မလွတ်သေးဘူး။ ဆရာတော်ကားကိုတော့ ရွာကသွားပြန်ယူရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သဲပုံရွာဒေသခံ လေးဦးခန့်မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တွေ့စဉ် ခေတ္တထိမ်းသိမ်းခံရပြီး ညနေပိုင်း‌တွင် ပြန်လည်လွတ်မြောက်လာကြသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၂ ရက်ကတည်းက အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့ အနောက်ဘက် ကမ်းရိုးတန်းဒေသများဖြစ်သည့် ပညစ်၊ သဗျာကျေးရွာအနောက်ဖက် တောတန်း၊ ကမ်းပနီရွာစသည့် ‌တောတောင် များတွင် PDF တပ်စခန်းများကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရှာဖွေနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။