ကေအန်ယူအဖွဲ့တွင်း သဘောထားကွဲမှု တောင်ပိုင်းကို ဘာတွေရိုက်ခတ်စေလဲ

0
1261
နွေဦးပြောက်ကျားတပ်ဖွဲ့ဝင်များကို ကော်သူးလေတပ်မတော်မှ ဗိုလ်အယ်လ်ကွီး (ကော်လဖိုး)အဖွဲ့နှင့်အတူ တွေ့မြင်ရစဉ်

ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် သဘောထားကွဲမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များအကြား တင်းမာမှုများနှင့် အငြင်းပွားဖွယ် ကိစ္စများဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများက ယနေ့မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ကေအန်ယူအဖွဲ့အတွင်း သဘောထားကွဲမှု ပြဿနာက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။

ယင်းကြောင့်ပင် တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများနှင့် ကျေးလက်အခြေပြု အဖွဲ့အစည်းများက စုပေါင်းကာ အထူးစိုးရိမ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်။

ကော်သူးလေတပ်မတော်

ကော်သူးလေတပ်မတော်အား ဖွဲ့စည်းကြောင်း ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်(ဟောင်း) ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union)၏ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO – Karen National Defense Organization)ကို ကာလကြာမြင့်စွာ ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်သည်။

သို့သော် ဇန်နဝါရီလ ၁၇ ရက်မှစတင်ပြီး ၎င်းကိုတာဝန်မှ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း KNU က စာထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလ ၃၁ ရက်နေ့က ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုမှာ KNDO က လုပ်ဆောင်သည်ဆိုသော ကိစ္စရပ်အပေါ်  စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကြောင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်မှ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း ယင်းလူများမှာ မြန်မာစစ်တပ်က သူလျှိုများဖြစ်သည့်အတွက် ၎င်း၏လက်အောက်ခံတပ်ဖွဲ့မှ သတ်ဖြတ် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုသည်ဟု fortify rights အဖွဲ့ကလည်း သြဂုတ်လအတွင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်မှုအပြီးတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြတိုကြား အက်ကြောင်းမှာ ပိုမိုကြီးမားလာခဲ့သည်။

စောနယ်ဒါးမြဦးဆောင်ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုကို အသိအမှတ်မပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)တို့က ယခုနှစ် ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် KNU က ဇူလိုင်လ၂၀ ရက်နေ့တွင် အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ကျင်းပပြီး စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပြီး ၎င်း၏လုပ်ရပ်များသည် မိမိတို့နှင့် မသက်ဆိုင်တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပင် ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မတော် (KTLA) က ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ် NCA စာချုပ်အားဖြင့် စစ်ရေးအရ ချုပ်နှောင်ခံနေရသဖြင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားတုံ့ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်မိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကော်သူးလေတပ်မတော် (Kaw Thoo Lei Amry) ၏ အဓိကရည်ရွယ်ချက်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ် ချေမှုန်းသွားရန်ရည်ရွယ်ကြောင်း၊ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးစေရန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူ့ဘက်၊ ကိုယ့်ဘက်

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်များတွင် KNU/KNLA နှင့် ဗိုလ်ချုပ်စောဒါးမြတို့၏ ပံ့ပိုးကူညီမှုကြောင့် ဖြစ်ပေါ်လာသည့် တပ်ဖွဲ့များမှာ အများအပြားရှိနေသည်။

KNU/KNLA နှင့် ဗိုလ်ချုပ်စောဒါးမြတို့အကြား အပြန်အလှန်ထုတ်ပြန်မှုများနှင့်အတူ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများကြားတွင်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။

ယင်းသို့ သဘောထားကွဲလွဲမှုများကို လူမှုကွန်ရက်စာမျက်နှာ (Facebook)တွင် အပြန်အလှန်‌ ပြောဆိုနေကြသည်ကို တွေ့မြင်နိုင်သည်။

ယင်းအခြေအနေများမှတစ်ဆင့် တော်လှန်ရေးကို ထိခိုက်လာမည့်အပေါ် လူမှုရေး အဖွဲ့အစည်းများနှင့် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့များက စိုးရိမ်လာကြခြင်းဖြစ်သည်။

တောင်ပိုင်းမှာ ဘာဖြစ်နေလဲ

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် KNU တပ်မဟာ ၄ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ပြီး ယင်းတပ်မဟာ ၄ မှာ KNU/KNLA ၏အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် ထားဝယ်ခရိုင်အတွင်း ဗိုလ်စောအယ်ကွီး(ခေါ်) စောကော်လာဖိုး ဦးစီးသည့် KNDO အထူးတပ်ရင်းကို ညွှန်ကြားဖွဲ့စည်းပေးခဲ့သည်။

ယင်းဖွဲ့စည်းမှုအပေါ် ပြဿနာအချို့လည်းရှိခဲ့ပြီး အဆိုပါ KNDO အထူးတပ်ရင်းဖွဲ့စည်းမှုကို သက်ဆိုင်ရာ KNU တပ်မဟာ(၄)ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုခဲ့ကြောင်းနှင့် တရားဝင်မှုမရှိကြောင်း KNU ကပြောဆိုထားသည်။

ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များမှာ KNDO အထူးတပ်ရင်းနှင့် ပူးတွဲကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသလို KNU တပ်မဟာ(၄)နှင့်အတူ စစ်‌ရေးလုပ်ဆောင်နေသည့် အဖွဲ့များလည်းရှိနေသည်။

စောကော်လာဖိုး ဦးဆောင်သည့် KNDO အထူးတပ်ရင်းသည် လက်ရှိ ကော်သူးလေ တပ်မတော်(Kaw Thoo Lei Army)ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ၏ ဦးဆောင်ညွှန်ကြားမှု အောက်တွင်ရှိနေသည်ဟု KNU ဘက်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့နှင့် ဇူလိုင်လ ၁၇ ရက်နေ့များတွင် စောကော်လာဖိုး ဦးဆောင်သည့် KNDO တပ်ဖွဲ့ဝင်များက KNU တပ်ဖွဲ့ဝင်များကို နှစ်ကြိမ်ဝင်ရောက် တိုက်ခိုက်မှုပြုခဲ့ကြောင်း ပြောဆိုမှုများလည်း ရှိခဲ့သည်။

ယင်းသို့ပင် ဇူလိုင်လ ၉ ရက်နေ့ ည ၈နာရီတွင် Kaw Thoo Lei Army (အထူးစပါယ်ရှယ်တပ်ရင်း)

နှင့် ပူးပေါင်းတပ် Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်ဖွဲ့) တပ်သားများ စစ်ကြောင်းချီတက်ရာ လမ်းကြောင်းကို KNU (တပ်မဟာ ၄) တပ်ရင်း ၁၀ ဗိုလ်ဖိုးချစ် ဦးဆောင်သောအဖွဲ့မှ ရဲဘော်များ ခန့်မှန်းခြေ ၁၀ဦးခန့်ဖြင့်  ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း  နွေဦးပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နွေဦးပြောက်ကျားတပ်ဖွဲ့မှာ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အားကောင်းသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သော Kaw Thoo Lei Army (ကော်သူးလေတပ်မတော်) မှ ဗိုလ်အယ်လ်ကွီး (ကော်လဖိုး) နှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ယနေ့ထုတ်ပြန်ခဲ့သည်။

ယင်းတို့ကို ကြည့်ပါက မြေပြင်တွင် တော်လှန်ရေးအဖွဲ့များအကြား မကျေလည်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့နိုင်ကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အရပ်ဖက်အဖွဲ့များ မေတ္တာရပ်ခံ

တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများနှင့် ကျေးလက်အခြေပြု အဖွဲ့အစည်းများက ပူးပေါင်းကာ ယနေ့တွင် မေတ္တာရပ်ခံစာ တစ်ရပ်ထုတ်ပြန်လိုက်သည်။

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တော်လှန်ရေးအင်အားစုများကြားတွင် မလိုလားအပ်သော စိတ်ဝမ်းကွဲပြားမှုများ နှင့် နောက်ဆက်တွဲ ပဋိပက္ခများကြောင့် ပြည်သူလူထုအတွက် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ကို မိမိတို့အနေဖြင့် အထူး စိုးရိမ်ပူပန်မိပါကြောင်း ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ယင်းအပြင် ကေအဲန်ယူ (ကရင်အမျိုးသား အစည်းအရုံး)၏ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ KNLA နှင့် KNDO တပ်ဖွဲ့များ၏ ကွပ်ကဲမှုအောက်တွင် လိုက်ပါဆောင်ရွက်နေသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ယခုထပ်မံဖွဲ့စည်းလိုက်သော ကော်သူးလေတပ်မတော်၏ မိတ်ဖက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြားတွင် အငြင်းပွားမှုများရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍ သဘောထားကြီးစွာဖြင့် ညှိုနှိုင်းဖြေရှင်းဆောင်ရွက်ကြပါရန် မိမိတို့ အနေဖြင့် အလေးအနက် တိုက်တွန်းလိုပါကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့လည်းဒီအပေါ်မှာ စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာထက် ပိုပါတယ်။ ဘုံရန်သူပျောက်ပြီး အချင်းချင်းပစ်ခတ်ရတာတွေ ဖြစ်လာမှာစိုးတယ်” ဟု အရပ်ဖက်အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တနင်္သာရီတိုင်းသားတစ်ယောက်၊ ထားဝယ်သားတစ်ယောက်အနေဖြင့် အထူးမေတ္တာရပ်ခံလိုသည်မှာ အချင်းချင်းတိုက်ခိုက်တာမျိုး မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းကဆိုသည်။

ဘုံရန်သူကိုသာ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတိုက်ထုတ်ရန်သာ စိတ်အားထက်သန်မိကြောင်း ၎င်းကပြောဆိုသည်။

တနင်္သာရီတိုင်း အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ခုမှ တာဝန်ခံ အမျိုးသမီးတစ်ဦးကလည်း ယခုကိစ္စအပေါ် တာဝန်ရှိသူများက အပြေလည်ဆုံးဖြစ်စေရန် အကောင်းဆုံး ကိုင်တွယ်သွားစေလိုကြောင်း၊ တော်လှန်ရေးကို ထိခိုက်သည်အထိ မဖြစ်စေလိုကြောင်း ပြောဆိုသည်။

KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ပဋိပက္ခမဖြစ်စေဖို့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမယ်။ ရှေ့လာမယ့်ကာလမှာတော့ ကျွန်တော်တို့က ပြဿနာမဖြစ်အောင် ထိန်းသိမ်းသွားမယ်။ အဓိကကျတာက ကျွန်တော်တို့ ဘုံရန်သူတိုက်နေတဲ့အခါမှာ စုစုစည်းစည်းနဲ့ ဆက်လုပ်သွားမယ်ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်” ဟု Myanmar Now နှင့် ဇူလိုင်လ ၂၁ ရက်နေ့က အင်တာဗျူးတွင် ပြောဆိုထားသည်။