ရွှေဈေးအတက်ကြမ်းနေသော်လည်း ထားဝယ်တွင် အဝယ်လိုက်

0
518

ရွှေဈေးအတက်ကြမ်းနေသော်လည်း ထားဝယ်ဈေးကွက်တွင် အဝယ်လိုက်နေသည်ဟု ထားဝယ်ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့လယ်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၃၀,၀၀၀ ကျပ်သာရှိသော်လည်း ယနေ့ ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၆၀,၀၀၀ ကျပ်အထိ ဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း ၂၀ ဝန်းကျင်ခန့်သာရှိသည်။

ယခုရက်ပိုင်း ၄-၅ ရက်အတွင်း တစ်ကျပ်သားလျှင် ၂၁ သိန်းနှင့်အထက်ဖြစ်လာပြီး ရွှေဆိုင်ကြီးများတွင် ရွှေလာရောင်းသူထက် ရွှေဝယ်စုသူ ယခင်ထက်ပိုများလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။

လက်ဝတ်ရတနာ ရွှေထည်ဝယ်ယူသူနှင့် ရွှေအတုံးဝယ်ယူသူ မျှနေသည်ဟု ဈေးကြီးအနောက်ဘက်လမ်းရှိ ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုတော့ ဝယ်သမားပေါတယ်ရှင်၊ အခုလောလောဆယ်မှာတော့ အရောင်းအဝယ်နည်းနည်းတော့ ပြန်လှုပ်လာတယ်” ဟုအထက်ပါအမျိုးသမီးက ပြောသည်။

ရွှေဆိုင်ကြီးများတွင် ရွှေဝယ်ယူသူများလာသော်လည်း အချို့ဆိုင်ကြီးများတွင် ရွှေရောင်းသူနှင့် ဝယ်သူမျှနေသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်အချို့ကဆိုသည်။

ယင်းသို့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာသဖြင့် ငွေကြေးခိုင်မာမှုရစေရန် ငွေကိုလက်ထဲမထားချင်သူများက ရွှေဝယ်စုလာကြခြင်းဖြစ်သည်ဟု ထားဝယ်မြို့မှ လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။

မြန်မာကျပ်ငွေ လက်ထဲထားရန် ခက်ခဲလာသဖြင့် ပစ္စည်းကိုသာ လက်ထဲကိုင်ထားကြပြီး ပိုက်ဆံရှိသူများက မြေဝယ်၊ ရွှေဝယ် လာကြသည်ဟု ထားဝယ်မြို့သစ်မှ ရော်ဘာပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“မြို့သစ်မှာတော့ ပိုက်ဆံရှိတဲ့သူတွေက မြေတွေပြေးဝယ်ကြတာရှိတယ်၊ လက်ထဲမှာ ပိုက်ဆံမထားချင်ဘူးဆိုတော့ မြေဝယ်သူဝယ် ရွှေဝယ်သူဝယ်ပေါ့၊ အဓိကတော့ အမှန်ကန်ဖြစ်တဲ့ ပစ္စည်းတွေပဲ ဝယ်ကြတော့တယ်” ဟု ၎င်းက ပြောသည်။

မြန်မာငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး ဇူလိုင်လ ဒုတိယအပတ်ခန့်က အမေရိကန်တစ်ဒေါ်လာလျှင် ၂၂၀၀ ခန့်သာရှိသော်လည်း ဇူလိုင်လ ယခုရက်ပိုင်းတွင် ဒေါ်လာဈေး ပြင်ပပေါက်ဈေး ၂၄၅၀ ခန့်အထိဖြစ်လာသည်။