လျှပ်စစ်မီးမလိုတဲ့ အဝတ်လျှော်စက်

0
496

ကမ္ဘာ့လူဦးရေရဲ့ (၇၀) ရာခိုင်နူန်းဟာ လျှပ်စစ် အဝတ်လျှော်စက်ကို လက်လှမ်းမမီတာမို့ လုပ်အားကို ပိုယူတဲ့ အဝတ်လျှော်ရခြင်းကို အချိန်ပေးပြီး ဆောင်ရွက်နေကြရပါတယ်။

ပြီးတော့ ဒီလို ဝန်ထုပ်ဝန်ပိုးဟာ အမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် အချိုးမကျစွာ သက်ရောက်နေပြီး လက်နဲ့အဝတ်လျှော်ရခြင်းဟာ လျှပ်စစ်မီးနဲ့ ရေပိုက်လိုင်း မရှိသူ တချို့အတွက် သီတင်းတစ်ပတ်ကို နာရီ ၂၀  လောက် အချိန်ပေးနေရပါသတဲ့။

လန်ဒန်မြို့သား အိန္ဒိယအနွယ်ဝင် နာဂျို့ဆော်နီ ဆိုသူ အင်ဂျင်နီယာ တစ်ဦးက လျှပ်စစ်မလို လက်နဲ့လှည့် နိုင်ပြီး အလွယ်တကူ သယ်ယူနိုင်တဲ့ အဝတ်လျှော်စက်ကို တီထွင်ခဲ့ပါသတဲ့။

အဆိုပါ စက်ကို မစ္စတာဆော်နီက ဒီဗား လို့ နာမည်ပေးထားပြီး အိန္ဒိယမှာ သူနေခဲ့စဉ်က အိမ်နီးချင်း အမျိုးသမီး တစ်ဦးရဲ့ နာမည်ကို မှည့်ခေါ်ထားတာပါ။

မစ္စတာဆော်နီဟာ လစာကောင်းတဲ့ ဖုန်စုပ်စက် စက်ရုံမှာ အင်ဂျင်နီယာတစ်ယောက်အဖြစ် လုပ်ခဲ့ရာကနေ အလုပ်ထွက်ပြီး အဆိုပါ လျှပ်စစ်မီးမလို အဝတ်လျှော်စက် လုပ်တဲ့ စီမံကိန်းကို စေတနာ့ဝန်ထမ်း ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

“ဒီဗား ကို သိခဲ့တော့က သန့်ရှင်းတဲ့ အဝတ်တွေရဖို့ သူ့အိမ်မှာ လုပ်ခလစာ မရတဲ့ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်နေရတာ ကျွန်တော် စိတ်မချမ်းသာခဲ့ပါဘူး” လို့ ဆော်နီ က ပြောပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက သူဟာ အဝတ်လျှော်စက်ကို စတင်တီထွင်နေတာဖြစ်ပြီး Oxfam ကနေ မတည်ငွေ ရရှိခဲ့ပြီး အီရတ်က အမျိုးသမီးတွေ အတွက် ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။