ထိုင်းတွင် ကားရေထဲကျရာမှပျောက်ဆုံးနေသော မြန်မာလုပ်သားနှစ်ဦး၏အလောင်းကိုရှာတွေ့

0
230

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားတစ်စီး ရေထဲမျောပါရာမှ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဇူလိုင်လ ၂၁ ရက် နံနက် ၄နာရီဝန်းကျင်က မြန်မာနှစ်ဦးလိုက်ပါကာ ထိုင်းနိုင်ငံသား မောင်းနှင်သည့် ပစ်ကပ်ကားမှာ ကားလမ်းရေကျော်နေချိန် ဖြတ်မောင်းရာမှ ကားလမ်းဘေးမြောင်းထဲထိုးကျကာ မြန်မာနှစ်ဦးပျောက်ဆုံးနေခြင်း ဖြစ်သည်။

မြန်မာနှစ်ဦးအနက် အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေထွန်းဆိုသူကို ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေဆုံး လျက်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်း၏ အလောင်းကို ကားမြောင်းထဲကျသွားသောနေရာနှင့် ၄ ကီလိုမီတာခန့်အကွာရှိ စက်မှုဇုန်တံတားအနီး မြက်ပင်များကြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

မိုးတနေကုန် မရပ်မနား ရွာသွန်းနေမှုကြောင့် ရေစီးသန်လာသဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များကို ညနေ ၅ နာရီခန့်တွင် ရပ်နားခဲ့ရပြီး ယနေ့ (ဇူလိုင် ၂၂) နံနက် ၈နာရီခွဲတွင် သုံးနေရာခွဲ၍ ထပ်မံရှာဖွေကြောင်း ဖော်ပြသည်။

ယင်းနောက် ၉ နာရီခွဲခန့်တွင် ပျောက်ဆုံးနေသော မြန်မာအလုပ်သမား နောက်တစ်ဦးဖြစ်သည့် အသက် ၄၇နှစ်အရွယ် မောင်မိုးဝင်းဆိုသူ၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

၎င်းကို မူလနေရာကနေ ၅၀၀ မီတာ အကွာ၌ တွေ့ရှိခြင်းဖြစ်ပြီး ဒူးခေါင်းတွင် ကျောက်တုံး ပြတ်ရှ ဒဏ်ရာရရှိထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမား နှစ်ဦး၏ အလောင်းများကို လယ်မ်ချဘမ်ဆေးရုံးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် ဆွေမျိုးများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားနှစ်ဦးမှာ ရေခဲစက်ရုံတွင် လုပ်ကိုင်သူများဖြစ်ပြီး ရေခဲတင်ဆောင်သည့် ကားပေါ်တွင် လိုက်ပါ လာစဉ် ချွန်ဘူရီခရိုင် စီရာချာဒေသရှိ စူစဝတ်ရေခဲစက်ရုံအနီးရှိ ကားရေထဲကျခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသား ကားသမားမှာ ကားတံခါးဖွင့်ကာ အပြင်သို့ ထွက်နိုင်ခဲ့ကာ အသက်ရှင် လွတ်မြောက်ခဲ့သည်။

Ref: ข่าวสารชลบุรี-ระยอง, Thairath