မြိတ်တွင် ကွမ်းသီးအနု ဈေးကျ

0
392

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းများ ကျဆင်းနေကြောင်း စုံစမ်းသိရသည်။

ယခင်က ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်နှင့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောပြသည်။

လက်ရှိ ကွမ်းသီးအနု တစ်လုံးလျှင် ၃၅ ကျပ်နှင့် တစ်ပိဿာလျှင် ၃၄၀၀ ကျပ်သာရရှိကြောင်း ပရည်တောင်ရွာနေ ကွမ်းစိုက်‌တောင်သူတစ်ဦးက ပြောသည်။

“ကွမ်းသီး တစ်အိတ်သွားရောင်းတာ အရင်ကဆို ငါးသောင်းကျော်အထိရတာ။ (ဇူလိုင် ၂၂) ဒီမနက်သွားရောင်းတော့
သုံးသောင်းနီးပါးလောက်ပဲ ရတယ်” ဟု အထက်ပါ ကွမ်းစိုက်တောင်သူက ပြောဆိုသည်။

ကွမ်းသီးအနု ဈေးကောင်းသဖြင့် ရောင်းချသူများလာသောကြောင့် လက်ရှိတွင် ကွမ်းသီးအနု အဝင်များနေသဖြင့် ဈေးနှုန်းလျော့ကျသွားခြင်းဖြစ်ကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။

“အခုက မိုးတွင်းလည်းဖြစ်တယ်။ အနုတွေ တအားဝင်တော့ ပုတ်တာတွေ အလေ့အလွင့်ဖြစ်တာတွေ များလာလို့ ဈေးလျှော့ပြီး ဝယ်ရတာ” ဟု ကလွင်ရပ်ရှိ ကွမ်းသီးအနု ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ကွမ်းသီးအနုတို့အား တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြပြီး စာသောက်ကုန်အဖြစ် ထုတ်လုပ်သည်။

ဇွန်လအတွင်းကဆိုလျှင် ကြမ်းသီးအနုများကို ဈေးကောင်းပေးဝယ်သဖြင့် မြိတ်ခရိုင်အတွင်းရှိ ဥယျာဉ်ခြံများတွင် ကွမ်းသီးအနု အခိုးခံရမှုများပင် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။