တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
462

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ

လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲကြဖို့ ပြင်သစ်သမ္မတဆို

ပြင်သစ်သမ္မတ မက်ခရွန်ကနေ ၎င်းရဲ့ပြည်သူတွေကို လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲကာ ရုရှားရဲ့ သဘာဝဓာတ်ငွေ့ ဖြတ်တောက်မှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ မီးများပိတ်ထား၍ တစ်နိုင်ငံလုံး စွမ်းအင်ချွေတာရေးကဏ္ဍမှာ ပါဝင်ကြဖို့ကိုလည်း သမ္မတကနေ တိုက်တွန်းနှိုးဆော်ထားပါတယ်။

“ရုရှားဟာအစားအစာ နဲ့ စွမ်းအင်ကို စစ်လက်နက်အဖြစ်အသုံးပြုနေတာဖြစ်ပါတယ်၊ ရုရှားဓာတ်ငွေ့မရှိဘဲ သွားရမယ့် အခြေအ‌နေတွေကို ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်” လို့ သမ္မတက ပြင်သစ်အမျိုးသားနေ့ဖြစ်သော Bastille Day မှာ ဆိုခဲ့ပါတယ်။

Ref: EU reporter

အမေရိကန် ကုန်တိုက်တစ်ခုမှာ သေနတ်ပစ်မှုဖြစ်ပွားလို့ ၃ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ်ရှိ ကုန်တိုက်တစ်ခုမှာ ဇူလိုင်လ ၁၇ ရက်က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့လို့ လူ ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

Greenwood Park Mall အထဲမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားကိုတော့ သေနတ်ကိုင်ဆောင်ထားသည့် အရပ်သားတစ်ဦးကနေ အသေပစ်သတ်ခဲ့တယ်လို့ အင်ဒီယာနာပြည်နယ် Greenwood မြို့တော်၀န် Mark Myers က ပြောကြားပါတယ်။

သေနတ်သမားက ရိုင်ဖယ်သေနတ်ကို ကိုင်ထား၍ စားသောက်တန်းကိုလာကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူများထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Ref: The Straits Times

သီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

သီရိလင်္ကာ လွှတ်တော်အမတ်များကနေ ယာယီသမ္မတ Ranil Wickremesinghe ကို သမ္မတသစ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် သီရိလင်္ကာရဲ့ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ Ranil Wickremesinghe ကို အဋ္ဌမမြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်လို့ မဲရေတွက်ပြီးတဲ့နောက် လွှတ်တော်ကနေ ပြောကြားခဲ့ကာ ခက်ခဲနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းကနေ တိုင်းပြည်ကို ဆွဲထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထပ်ဆိုပါတယ်။

အဖွဲ့ဝင် ၂၂၅ ဦးရှိတဲ့ လွှတ်တော်ပါလီမန်မှာ Wickremesinghe က ၁၃၄ မဲနဲ့ အနိုင်ရရှိခဲ့၍ အာဏာရပါတီအမတ် Alahapperuma က ၈၂ မဲ၊ တတိယသမ္မတလောင်း Anura Kumara Dissanayaka ကတော့ သုံးမဲသာရရှိခဲ့ပါတယ်။

Ref: BBC

ယူကရိန်းကုန်တင်လေယာဉ် ဂရိမြောက်ပိုင်းမှာ ပျက်ကျလို့ အမှုထမ်းရှစ်ဦး သေဆုံး

ယူကရိန်းလေကြောင်းလိုင်းတစ်ခုရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်တစ်စင်းသည် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂရိနိုင်ငံမြောက်ပိုင်းအတွင်း ပျက်ကျခဲ့ရာ အမှုထမ်းရှစ်ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ဆားဘီးယားနိုင်ငံကနေ အရှေ့အလယ်ပိုင်းဒေသရှိ ဂျော်ဒန်နိုင်ငံကို ပျံသန်းနေတဲ့ အဲဒီကုန်တင်လေယာဉ် ဟာ လယ်ကွင်းတစ်ခုထဲကို ထိုးကျခဲ့တယ်လို့ ဂရိလေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အင်ဂျင်ချို့ယွင်းမှုကြောင့် လေယာဉ်မှူးဖြစ်သူက အရေးပေါ်ဆင်းသက်ဖို့ တောင်းဆိုပြီးတဲ့နောက် လေ ယာဉ်ရဲ့ အချက်ပြစနစ်ကို ချက်ချင်း ဆက်သွယ်လို့မရတော့ဘူးလို့ ဂရိမီဒီယာတွေက ဖော်ပြကြပါတယ်။

Ref: The New York Times

မင်းသားဘင်အက်ဖလက်ခ် နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

အမေရိကန်ပြည်ထောင်စု လပ်ဗီးဂပ်စ်မြို့မှာ လင်းနို့လူသားအဖြစ် လူသိများတဲ့ မင်းသား ဘင်အက်ဖလက်ခ်နဲ့ လက်ထပ်လိုက်ပြီလို့ အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်က ဇူလိုင်လ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သူတို့စုံတွဲက လပ်ဗီးဂပ်စ်မြို့ရဲ့နာမည်ကြီး မင်္ဂလာကျင်းပရန် ဆုတောင်းနေရာဖြစ်တဲ့ A Little White Chapel မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ထပ်ခွင့်လိုင်စင်ကို ရယူခဲ့တယ်လို့လည်း နီဗားဒါးပြည်နယ်ရဲ့ လက်ထပ်စာချုပ်ထုတ်ပေးတဲ့ ကောင်တီအစိုးရရုံးက ဆိုပါတယ်။

ဂျနီဖာလိုပက်ဇ်နဲ့ ဘင်အက်ဖလက်ခ်တို့က နှစ် (၂၀) ကြာမှ ပေါင်းဖက်နိုင်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်မှာ သူတို့စုံတွဲဟာ “Gigli” ဇာတ်ကားရိုက်ကွင်းကနေ စတင် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Ref: BBC

ဥရောပမှာ အပူလှိုင်းဖြတ်ပြီး စံချိန်တင်အပူချိန်မြင့်တက်နေ

ဥရောပနိုင်ငံအများအပြားမှာ အပူလှိုင်းကြောင့် အပူချိန်အမြင့်ဆုံးစံချိန်တွေမြင့်တက်လာပြီး မီးသတ်သမားတွေလည်း မီးလောင်မှုတွေထပ်မံကြုံတွေ့နေရပါတယ်လို့ သိရှိရပါတယ်။

ပုံမှန်အားဖြင့် ရာသီဥတုပြင်းထန်လေ့မရှိတဲ့ဗြိတိန်မှာလည်း ပထမဆုံးအကြိမ်အနေနဲ့ အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယက်စ်ကို ကျော်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း အခုနှစ်အတွက် အမြင့်ဆုံးအပူချိန်သို့ရောက်ခဲ့ပြီး ပေါ်တူဂီနိုင်ငံမှာလည်း အပူချိန်အလွန်မြင့်တက်ခဲ့တဲ့နေ့တွေရှိပြီးနောက် အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယက်စ် အထိရောက်ရှိခဲ့လို့ သေဆုံးမှုတွေမြင့်တက်နေပါတယ်။

Ref: World Meteorological Organization

ဆိုမာလီယာ ခရီးသည်တင်လေယာဉ် ပက်လက်လန်ပျက်ကျသော်လည်း ခရီးသည်အားလုံး အသက်ဘေးကင်း

ဆိုမာလီယာနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူးမှာ ဇူလိုင် ၁၈ ရက်နေ့က ခရီးသည်တင်လေယာဉ် ပက်လက်လှန် ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ပေမဲ့ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်အားလုံးတို့ဟာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ခရီးသည် ၃၆ ဦးလိုက်ပါလာတဲ့ အဆိုပါလေယာဉ်ဟာ မိုဂါဒီရှူ လေဆိပ်အနီးမှာ ပက်လက် အနေအထားနဲ့ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျလေယာဉ် အနီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနက်ရောင် မီးခိုးလုံးတွေ ပိတ်ဖုံးသွားခဲ့ပါတယ်။

မီးသတ်သမားတွေက လေယာဉ်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြှိမ်းသတ်ခဲ့ပြီး အခင်း ဖြစ်ပွားတဲ့နေရာက ဓာတ်ပုံတွေထဲမှာ လေယာဉ်ဟာ ဇောက်ထိုးပက် လက်လန် နေခဲ့တာကို တွေ့ရပေမဲ့လည်း ခရီးသည်နဲ့ဝန်ထမ်းအားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ရေးသားထားပါတယ်။

Ref: BBC

ကာကွယ်ဆေး ၄ ကြိမ်ထိုးထားသော အမေရိကန်သမ္မတ ကိုဗစ်-၁၉ ကူးစက် ခံရ

ကာကွယ်ဆေး နှစ်ကြိမ်နဲ့ နောက်ဆက်တွဲ booster နှစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်ထိုးနှံထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ဇူလိုင်လ ၂၁ ရက်နေ့မှာ အိမ်ဖြူတော်ကနေ ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံထားရပေမယ့် အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

လောလောဆယ်မှာ သမ္မတကို အိမ်ဖြူတော်မှာပဲ သီးသန့်ထားပြီး လိုအပ်တဲ့ ကုသမှုပေးနေတာဖြစ်ပြီး တချိန်တည်းမှာ အိမ်ဖြူတော် ဝန်ထမ်းတွေနဲ့လည်း တယ်လီဖုန်းနဲ့ ဆက်သွယ်ညွှန်ကြားတာ၊ အစည်းအဝေးတွေကို ပုံမှန် အတိုင်း တက်တာတွေကို အချိန်ပြည့် တာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: BBC

ထိုင်းမှာ မျောက်ကျောက်လူနာတစ်ဦး စတင်တွေ့ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ နိုင်ဂျီးရီးယားလူမျိုးဖြစ်သူ မျောက်ကျောက်လူနာတစ်ဦးကို စတင်တွေ့ရှိရပြီလို့ ထိုင်းရောဂါထိန်း ချုပ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ အတည်ပြုလိုက်ပါတယ်။

ဖူးခက်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုကနေ မျောက်ကျောက်သံသယလူနာတစ်ဦး တွေ့ရှိရတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ခရိုင်ရောဂါထိန်းချုပ်ရေးထံ အသိပေးလာပြီးနောက်မှာ ကျူလာလောင်ကွန်းဆေးရုံရှိ ဓာတ်ခွဲခန်းမှာ PCR စနစ်ဖြင့်စစ်ဆေးရာတွင် မျောက်ကျောက် ဗိုင်းရပ်စ် (Monkeypox virus) ဟု တွေ့ရှိခဲ့ပြီး ကုသရေးသိပ္ပံညွှန်ကြားမှုဦးစီးဌာနရဲ့ ဓာတ်ခွဲခန်းမှာ ထပ်မံစစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်က အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊အဖုအပိမ့် ပေါက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရကာ လိင်အင်္ဂါမှာ စတင်ဖြစ်ပွားတာဖြစ်ပြီး မျက်နှာနဲ့ ကိုယ်လက်တွေဆီကို ပျံ့နှံ့သွားတယ်လို့ လူနာက ဆိုပါတယ်။

Ref: Bangkok Post

အိန္ဒိယနိုင်ငံ၏ သမ္မတအသစ်အဖြစ် Droupadi Murmu ဖြစ်လာခဲ့

၂၀၂၂ ခုနှစ် အိန္ဒိယနိုင်ငံ သမ္မတရွေးကောက်ပွဲကို ဇူလိုင် ၁၈ ရက်နေ့မှာ မဲပေးခဲ့ကြပြီးတဲ့နောက် ယခင် Jharkhand ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mrs. Droupadi Murmu က အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း သိရပါတယ်။

အသက် ၆၄ နှစ်အရွယ် ကျောင်းဆရာမဘဝကနေ နိုင်ငံရေးလောကထဲဝင်လာသော Droupadi Murmu သည် အိန္ဒိယနိုင်ငံ၏ သမ္မတအသစ်အဖြစ်တာဝန်ထမ်းဆောင်မဲ့နိုင်ငံရဲ့ ဒုတိယအမျိုးသမီးတစ်ဦး ဖြစ်လာမှာဖြစ်ပါတယ်။

မစ္စမာမူဟာ ၁၉၅၈ ခုနှစ် ဇွန်လ ၂၀ ရက်က အိန္ဒိယနိုင်ငံ သြဒိဿပြည်နယ်မှာ မွေဖွားခဲ့ကာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှ Jharkhand ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Ref: CNN