မော်လမြိုင် အထကကျောင်း အုတ်တံတိုင်းပြိုကျပြီး လူငါးဦးသေ၊ တစ်ဦးဒဏ်ရာရ

0
594

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက (၅) စာသင်ကျောင်း အုတ်တံတိုင်း ဘေးတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ပေါ် ပြိုကျသဖြင့် လူ ငါးဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။  

မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အထက (၅) စာသင်ကျောင်းဘေး အုတ်တံတိုင်း ယနေ့ (ဇူလိုင် ၂၂) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“အုတ်တံတိုင်း ဘေးမှာက လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ အဲဒီအပေါ်မှာ ပြိုကျသွားတယ်။ လူ ၆ ယောက် ပိမိတယ်။ ၅ ယောက်ကတော့ ဆုံးသွားတယ်။ တစ်ယောက်ကတော့ အသက်ရှင်တယ်” ဟု လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အုတ်တံတိုင်း ပြိုကျမှုကြောင့် သေဆုံးသွားသူတို့နှင့် ထိခိုက်ဒဏ်ရသူတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့တို့ထံမှ သိရသည်။

“အုတ်တံတိုင်းက နှစ်ပေါင်းမနည်းတော့ဘူး ကြာနေပြီ။ မိုးကလည်း များတော့ မခံနိုင်ဘူးလေ။ ပြိုတာပေါ့။ လူတွေပါ ထိကုန်တော့တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် အုတ်တံတိုင်းနှင့် ကပ်လျက်ရှိသောဆိုင်ခန်း ခုနစ်ခန်းအပေါ် ပိမိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားမှာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။  

အုတ်တံတိုင်းပြိုကျသည့်နေရာကို မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူတို့က ဝိုင်းဝန်း ဖယ်ရှားရှင်းလင်းလျက်ရှိသည်။

လက်ရှိတွင် အုတ်တံတိုင်းပြိုကျထားသည့်နေရာကို ကန့်သတ်ထားပြီး ဖြတ်သန်းသွားလာမှု ပိတ်ထားသည်ဟု မြို့ခံတို့ထံမှ သိရသည်။