လောင်းလုံး ဂေါ့အင်းရွာက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

0
337

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးပါတီဝင်တစ်ဦး ဇူလိုင်လ ၂၁ ရက် ညနေ ၅ နာရီကျော်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသွားသူမှာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးထွန်းသားဆိုသူဖြစ်ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်သို့ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့အိမ်က ဂေါ့အင်း သာစည်ဘီယာဆိုင်နားမှာပါ။ အဲဒီမှာပဲ ပစ်ခံရတာ။ ဒဏ်ရာတွေတော့ ကျွန်တော်တို့လည်း မမြင်ရတော့ မသိဘူး။ ကျွန်တော်တို့ သွားကြည့်တဲ့အချိန်ဆို နာရေးက အလောင်းလာကောက်ပြီး ကားပေါ်တင်နေပြီ” ဟု ယင်းအိမ်သို့ သွားကြည့်ခဲ့သူတစ်ဦးက ဆိုသည်။

ဦးထွန်းသားသည် ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဆင့် စည်းရုံးရေး တာဝန်ယူထားသူတစ်ဦး ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

၎င်းအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။

သေဆုံးသူသည် စစ်ပြဲကျေးရွာ ရွာသားတစ်ဦးဖြစ်ပြီး ဂေါ့အင်းသူနှင့် အိမ်ထောင်ကျကာ လက်ဘက်ရည်ဆိုင်တွင် စားသုံးလေ့ရှိသည့် မုန့်လုပ်ငန်းနှင့် သုံးဘီးဆိုင်ကယ်မောင်းသည့် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အလောင်းအား ယနေ့ (ဇူလိုင်လ ၂၂) နေ့လယ်ပိုင်းတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်ကလည်း ဂေါ့အင်းကျေးရွာနှင့် ကပ်လျက် ပိန္နဲတောရွာက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို ပျူစောထီးအဖွဲ့ဝင်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ပစ်သတ်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၏ ပစ်ခတ်ရှင်းလင်းမှုကြောင့် ဇူလိုင်လ ၉ ရက်မှ ၂၂ ရက်အတွင်း လောင်းလုံးမြို့နယ်ဒေသခံ ရှစ်ဦး သေဆုံးသွားပြီဖြစ်သည်။

ယင်း ရှစ်‌ဦးအနက် အသက်မပြည့်သေးသည့် ကလေးတစ်ဦးမှာ မတော်တဆ ကျည်ထိမှန်သွားခြင်းဖြစ်ပြီး ကျန် ၇ ဦးမှာ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။