ပဝတ်ကုန်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟုဆို

0
433
ဓာတ်ပုံ - KPDF

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေဟင်မှ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF-Palaw) က ထုတ်ပြန်ချက်နှင့် ရုပ်သံမှတ်တမ်းအရ သိရသည်။

ပဝတ်ကုန်းလမ်းဆုံ နှစ်နေရာတွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီခန့်က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၂) ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိကာ အရေးပေါ်ကားသုံးစီးဖြင့် လာရောက် တင်ဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းတိုက်ခိုက်မှုကို ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF-ပုလော) နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ် အကျအဆုံး ရှိမရှိကိုမူ မသိရသေးကြောင်း ရေးသားထားသည်။

KPDF-Palaw page စာမျက်နှာတွင်လည်း ဒရုန်းဖြင့်တိုက်ခိုက်သည့် ဖြစ်စဉ်ကို ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။

ပဝတ်ကုန်းကျေးရွာတွင် ဇူလိုင်လ ၁၉ ရက်ကလည်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့ ဇူလိုင် ၂၂ ရက် နံနက်တွင်လည်း ပဝတ်ကုန်းကျေးရွာဘက်တွင် ပစ်ခတ်သံများ ဆက်လက်ကြား နေရသေးကြောင်း ဒေသခံများက ပြောသည်။