ထားဝယ်တွင် ဘဏ်အပ်ငွေ ရာခိုင်နှုန်းပေးပြီး ထုတ်သူများလာ

0
304

ပုဂ္ဂလိကဘဏ်‌များ ဒေဝါလီခံမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ထားဝယ်မြို့တွင် ဘဏ်အပ်နှံငွေများကို ရာခိုင်နှုန်းပေးပြီး ပြန်ထုတ်သူများလာကြောင်း စုံစမ်းသိရှိရသည်။

ဘဏ်အပ်နှံငွေများကို သက်ဆိုင်ရာဘဏ်က အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသဖြင့် ငွေထုတ်လိုသူများမှာ ဘဏ်အကောင့်ထဲမှငွေကို ငွေသားပေးမည့်သူထံလွှဲပြောင်းပေးပြီး  သတ်မှတ်ရာခိုင်နှုန်းပေးကာ ငွေသားထုတ်ယူကြခြင်းဖြစ်သည်။

ပြည်သူများမှာ ဘဏ်တွင်အပ်ထားသည့် မိမိပိုင်ငွေကို အလွယ်တကူထုတ်မရသဖြင့် ပြင်ပတွင် အမြတ်ပေးကာ အရှုံးခံထုတ်နေရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဘဏ်အပ်ငွေကို ရာခိုင်နှုန်းပေး ထုတ်ယူသူများလာသဖြင့် ယနေ့ပေးရသည့် ရာခိုင်နှုန်း တက်သွားကြောင်း  ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၂၀ ရက်အထိ ကမ္ဘောဇဘဏ်အပ်နှံငွေ ထုတ်ယူခရာခိုင်နူန်းမှာ ၀ ဒသမ ၈ ရာခိုင်နူန်း (သိန်းတစ်ရာထုတ်ရန် ရှစ်သောင်းပေးရ)၊ ဧရာဝတီဘဏ်အပ်ငွေ ထုတ်ယူခမှာ ၀ ဒသမ ၉ ရာခိုင်နူန်း‌ ( ကျပ်သိန်းတစ်ရာထုတ်ရန် ကိုးသောင်းကျပ်ပေးရ) ပေါက်ဈေးရှိရာမှာ ယနေ့ ဇူလိုင်လ ၂၁ ရက်တွင်မူ ယင်းဘဏ်နှစ်ခုစလုံး ၁ ဒသမ ၃ ရာခိုင်းနုန်း( ကျပ်သိန်းတစ်ရာလျှင် တစ်သိန်းသုံးသောင်းကျပ်) သို့ ဈေးတက်သွားကြောင်း  ထားဝယ်တွင် ရာခိုင်နူန်းဖြင့် ငွေထုတ်ပေးသူတစ်ဦးကဆိုသည်။

“ဒီနေ့မှဈေးတက်သွားတာပါ။ ငွေထုတ်တဲ့သူတွေအရမ်းများလာလို့ပါ။ မနေ့ကအထိ လက်ခံထားတဲ့သူကိုတော့ အရင်ဈေးနဲ့ထုတ်ပေးပါသေးတယ်။ ဒီနေ့လက်ခံတဲ့သူတွေကျတော့ အခုပေါက်ဈေးအတိုင်းပဲယူပါတယ်” ဟု ၎င်းကဆိုသည်။

ပုဂ္ဂလိကဘဏ်များ ဒေဝါလီခံတော့မည်ဟုဆိုကာ Facebook (ဆိုရှယ်မီဒီယာ)တွင် ရေးသားဖြန့်ဝေမူရှိနေပြီး ယင်းကောလာဟလ သတင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများဘက်က ဖြေရှင်းသည်ကိုမူ ဇူလိုင်လ ၂၁ ရက်အထိ မတွေ့ရသေးပေ။

“ဘဏ်မှာအပ်ထားတာတွေ အကုန်ထုတ်လိုက်တော့အမေဆိုပြီး ထိုင်းကဖုန်းပြောလိုက်တာ။ အခုငွေထုတ်မလို့လုပ်နေတယ်။ နောက်ဆိုရင် ဘဏ်တွေပိတ်ပစ်လိုက်ရင် ထုတ်လို့လည်းမရ သွင်းလို့လည်းမရ ကိုယ့်ပိုက်ဆံတွေ ဆုံးကုန်မယ်ဆိုပြီး သားက ဖုန်းဆက်လာလို့ပါ” ဟု ထားဝယ်မြို့နေသူတစ်ဦးကဆိုသည်။

အာဏာသိမ်းပြီးနောက် ဘဏ်အပ်ငွေများကို ပြည်သူများက အလုအယက် ထုတ်ယူခဲ့ကြသဖြင့် ဘဏ်များကပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိဘဲ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးခဲ့သည်မှာ တစ်နှစ်ခွဲနီးပါးရှိလာပြီဖြစ်သည်။

ယင်းနောက် ရာခိုင်းနှုန်းဖြင့် ငွေထုတ်ပေးသူတို့ ပေါ်လာပြီး ငွေထုတ်လိုသူများလွန်းသဖြင့်  ၂၀ ရာခိုင်နှုန်း (ကျပ်သိန်းတစ်ရာထုတ်ရန် သိန်း၂၀ပေးရ) အထိစျေးပေါက်ခဲ့ရာမှ နောက်ပိုင်းတွင် တဖြည်းဖြည်းပြန်ကျလာခဲ့ခြင်းဖြစ်သည်။