မြိတ်မြို့ စက်သုံးဆီဆိုင်များတွင် ဆီအကန့်အသတ်သာ ဝယ်ခွင့်ရ

0
326

မြိတ်မြို့‌ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့်မပေးဘဲ အကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း စက်သုံးဆီဝယ်ယူအသုံးပြုသူတို့ထံမှ သိရသည်။

မြို့တော်အလိုက် စက်သုံးဆီဈေးနှုန်းများကို စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ပေးပြီး ဇူလိုင် ၇ ရက်မှ စတင်ကာ 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်ထောင်အောက် သတ်မှတ်ခဲ့သည်။

ဆီဈေးနှုန်းများကို လျော့ချသတ်မှတ်ပြီးနောက် စက်သုံးဆီဆိုင်တို့တွင် ဆီအကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း မြိတ်မြို့က မော်တော်ယာဉ်မောင်းနှင်သူတို့မှ သိရသည်။

“ဘေးတွဲဖြစ်ဖြစ် သုံးဘီးဖြစ်ဖြစ် တစ်ခါထည့်ရင် သုံးထောင်ဖိုးပဲရောင်းပေးတာ။ ငါးထောင်ဖိုးပေးပါလို့ အောက်ကျို့ခံပြီး ပြောတာတောင် မ‌ရဘူး” ဟု မြိတ်အဝေးပြေးကားဝင်းရှိ သုံးဘီယာဉ်မောင်းနှင်သူတစ်ဦးက ပြောသည်။

စက်သုံးဆီအရောင်းဆိုင်တို့တွင် 92 အောက်တိန်းဓာဆီတစ်လီတာလျှင် ၁၉၇၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေရကြောင်း သုံးဘီးယာဉ်မောင်းနင်သူအချို့က ပြောပြသည်။

၉၂ အောက်တိန်း ဓါတ်ဆီတစ်လီတာလျှင် ၁၈၀၀ ကျပ်ဝန်းကျင် နှုန်းထားဖြင့် ရောင်းချရန် စစ်ကောင်စီက သတ်မှတ် ထားသော်လည်း ဝယ်ဈေးမှာ ရောင်းချရန် သတ်မှတ်ပေးထားသည့် ဈေးနှုန်းထက်ကြီးမြင့်နေကြောင်း မြိတ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ခံတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောဆိုသည်။

“ဝယ်‌ဈေးတစ်လီတာ ၂၀၅၀ ကျပ်နှုန်းရှိတယ်။ ရောင်းတာက ၁၈၀၀ အောက်ဆိုတော့ အရှုံးပြတာပေါ့။ အခုရောင်းနေတာတွေက (သတ်မှတ်ဈေးထက်) ဈေးနည်းနည်းများနေပေမယ့် ဆိုင်တွေကရှူံးတာပါပဲ” ဟု ၎င်းက ပြောဆိုသည်။

မြိတ်မြို့ပေါ်က စက်သုံးဆီဆိုင်များတွင် တန်ဖိုးအကန့်အသတ်အပြင် အချိန်အကန့်အသတ်များဖြင့်ပါ ရောင်းချကြ ကြောင်း စက်သုံးဆီဝယ်ယူ အသုံးပြုသည့် ဒေသခံတို့က ပြောဆိုကြသည်။

ဆီကို အကန့်အသတ်ဖြင့် ရောင်းချနေမှုနှင့်ပတ်သက်၍ အထက်ပါ စက်သုံးဆီအရောင်းဆိုင် တာဝန်ခံကို ဆက်လက် မေးမြန်းရာ “ကျွန်တော်တို့က ဘာမှမပြောတတ်ဘူး။ သူဌေးခိုင်းတဲ့အတိုင်းပဲ ရောင်းပေးနေတာ” ဟုသာ ဖြေကြားသည်။

ယင်းကဲ့သို့ စက်သုံးဆီအရောင်းဆိုင်တို့တွင် အကန့်အသတ်ဖြင့်ရောင်းနေကြသဖြင့် ရပ်ကွက်အသီးသီးရှိ တစ်ပိုင်တစ်နိုင် စက်သုံးဆီအရောင်းဆိုင်ငယ်တို့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ၂၄၅၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေရကြောင်း သုံးဘီးယာဉ်မောင်းအချို့က ပြောပြသည်။

အဆိုပါ တစ်ပိုင်တစ်နိုင် စက်သုံးဆီအရောင်းဆိုင်တို့မှာလည်း ဆိုင်ကြီးတို့မှတစ်ဆင့် ဝယ်ယူရောင်းချနေကြရသည့်အတွက် တစ်လီတာ ၂၄‌၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေရခြင်းဖြစ်ကြောင်း တစ်နိုင်တစ်ပိုင် စက်သုံးဆီအရောင်းဆိုင်တို့ ထံမှ သိရသည်။

“စရိတ်စကနဲ့ဆိုရင် တစ်လီတာကို ဘယ်လောက်မှ မမြတ်ဘူး။ တစ်ရာ၊ တစ်ရာငါးဆယ်လောက်ပဲကျန်တာ” ဟု တစ်နိုင်တစ်ပိုင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်တွင် ယနေ့ (ဇူလိုင် ၂၁) စက်သုံးဆီအရောင်းဆိုင်အများစုတွင် 92 အောက်တိန်း ဓါတ်ဆီတစ်လီတာ ၁၉၇၀ ကျပ် ၊ 95 ဓါတ်ဆီ တစ်လီတာ ၂၀၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၃၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေကြကြောင်း စုံစမ်းသိရသည်။

မြိတ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် အကန့်အသတ်ဖြင့်ရောင်းချနေသော်လည်း မြို့ပြင်ရှိ မြိတ်-ကျွဲကူး ကားလမ်းမတစ်လျှောက်ရှိဆိုင်တို့တွင် လိုသလောက်ဝယ်ယူရကြောင်း မြိတ်-ထားဝယ် မော်တော်ယာဉ်လိုင်းပြေးဆွဲသူ အချို့က ပြောပြသည်။