ထိုင်းတွင် ကားတစ်စီး ရေစီးထဲမျောပါ၊ မြန်မာလုပ်သား နှစ်ဦးပျောက်ဆုံး

0
518

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယနေ့ ကားတစ်စီး ရေထဲမျောပါသွားပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမား နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂ ဦး လိုက်ပါလာသော ပစ်ကပ်ကားသည် ကားလမ်းပေါ် ရေကြီးနေစဉ် ဖြတ်မောင်းရာ ရေစီးသန်မှုကြောင့် လမ်းဘေးမြောင်းထဲသို့ ကျသွားခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။  

ချွန်ဘူရီခရိုင် စီရာချာဒေသရှိ စူစဝတ်ရေခဲစက်ရုံအနီးရှိ လမ်းတွင် ယနေ့ (ဇူလိုင် ၂၁) နံနက် ၄ နာရီဝန်းကျင်က ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရေခဲစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ပါသောကားဖြစ်ပြီး ရေခဲများကို တင်ဆောင်လာစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေသော ကားလမ်းမပေါ်ဖြတ်သန်းရာတွင် ရေစီးနှင့်အတူ မျောပါကာ မြောင်းထဲသို့ စောက်ထိုးပြုတ်ကျသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အသက် ၄၇ အရွယ် ထိုင်းနိုင်ငံသား ကားမောင်းသမားမှာ ကားတံခါးမှန်မှတစ်ဆင့် အပြင်သို့ ထွက်လာနိုင်ခဲ့ သော်လည်း ရေစီးနှင့်အတူ မျောပါသွားသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။

ယင်းနောက် ထိုင်းကားသမားမှာ ခက်ခက်ခဲခဲ တက်လာနိုင်ခဲ့ရပြီး ထိုင်းကယ်ဆယ်ရေး အဖွဲ့များနှင့် အာဏာပိုင်များ ဆီသို့ နံနက် ၆ နာရီဝန်းကျင်တွင် အကြောင်းကြားကာ အကူအညီတောင်းခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားပြုတ်ကျသွားသောနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ နံနက် ၆ နာရီကျော်တွင် ရောက်ရှိလာပြီး အဆိုပါကားကို ဆယ်ယူနိုင်ခဲ့သော်လည်း ကားအတွင်း ပိတ်မိနေသော မြန်မာအလုပ်သမား နှစ်ဦးကို မတွေ့ရကြောင်း ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေခဲ့သော်လည်း မြောင်းအတွင်း ရေစီးအလွန်သန်နေမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးကို နံနက် ၇ နာရီ ၄၀ မိနစ်အထိ ရှာမတွေ့သေးကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့များသည် ရေအရှိန်လျော့မည့်အချိန်ကို စောင့်နေကြကာ မြန်မာလုပ်သားနှစ်ဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

Ref: ข่าวศรีราชาท้องถิ่น, ข่าวศรีราชาท้องถิ่น