ပုလော ပြည်သူ့ကာကွယ်ရေးတပ်များ ပြည်ထောင်စုလမ်းပေါ် ဂိတ်ဖွင့်စစ်ဆေး

0
316

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုသည် မြိတ်-ပုလော- ထားဝယ်သွားသည့် ပြည်ထောင်စုလမ်းပေါ်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုသည် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ ပြည်ထောင်စုလမ်းပေါ်ရှိ ပဝတ်ကုန်းကျေးရွာမှနေ၍ ဖြတ်သန်းသွားလာသည့်ယာဉ်များအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“အရင်က ဒီလိုလုပ်တာ မရှိခဲ့ဖူးဘူး။ အခုဆို နှစ်ရက်ဆက်တိုက်ရှိပြီ။ စစ်နေတာ၊ ငွေတောင်းတာတော့ မရှိဘူး။ အေးအေးဆေးဆေးပဲ မေးတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံအမျိုးသားက ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုသည်။

ယင်းသို့ စစ်နေသည့်အတွက် စစ်ကောင်စီတပ်များက မြိတ်ဘက်မှလာသည့် ကားများအား တိုရွာလမ်းထိပ်မှ တားကာ မိန်းလမ်းမကြီးအတိုင်း ရှေ့ဆက်မသွားခိုင်းပဲ တိုရွာ၊ ပိတပ်ရွာလမ်းခွဲမှတစ်ဆင့် ပုလောမြို့သို့ သွားရန် ညွှန်ကြားနေကြောင်း ဒေသခံများက ပြောပြသည်။

“လမ်းတော့ နည်းနည်းကြမ်းတယ်။ ပတ်ရတာလည်း ဝေးတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ယင်းသို့မဟာမိတ်တပ်များ စစ်ဆေးနေစဉ်အတွင်း စစ်နေသည့်နေရာသို့ ဇူလိုင်လ ၁၈ရက် ညနေက လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သလို ဇူလိုင်လ ၁၉ ရက် နံနက်ကလည်း ထပ်မံပစ်ခတ်ခဲ့သေးကြောင်း အနီးဝန်းကျင်မှ ဒေသခံများက ပြောသည်။

ယင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ကျည်တချို့မှာ စစ်ဆေးရေးဂိတ်ရှိရာသို့ မရောက်ဘဲ လမ်းခုလတ်က ရွာတစ်ရွာဖြစ်သည့် မင်းထိန်ရွာထိပ်သို့ ကျရောက်သည့်အတွက် ရွာသားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံမှ သိရသည်။