ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် မိုင်းပေါက်

0
273

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထားဝယ်မြို့၊ အာဇာနည်ဗိမာန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုင်းလွှတ်တော်ရုံးအနီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှု အသံကို နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ကြားရကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။

“အေး အသံတော့ ကြားလိုက်တာပဲ၊ အာဇာနည်ဗိမာန်ဘက်ကပဲ” ဟု ထားဝယ်မြို့သစ် ၄ လမ်းသွယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဇာနည်နေ့တွင် လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရခြင်းမရှိကြောင်း ထားဝယ်မြို့မှ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။