သဘော့ဆိပ်ပြင်ကြီးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
328

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးဇော်လတ်ဆိုသူဖြစ်ပြီး ကရင်ကြီးကျေးရွာမှ ပြင်ကြီးဖက်သို့ လာစဉ် ပြင်ကြီးရွာစာသင်ကျောင်းအနီးတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကိုင်နှစ်ဦး ရောက်လာပြီး သုံးချက် ပစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူမှာယခင်က ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်ကာ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်ခဲ့ဖူးသူဖြစ်ပြီး မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခဲ့ဖူးသူလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြန်လွတ်လာကာ ကရင်ကြီးရွာ စစ်ကောင်စီခန့် ငါးရွာစု အုပ်ချုပ်ရေးမှူးထံ လာရောက်ခိုလှုံနေသည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။  

ယင်းအမျိုးသားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းက မိသားစုဝင်များ ရောက်လာပြီး သယ်ယူသွားသည်ဟု ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ ၁၇ ရက်မှ ‌‌‌‌‌၁၉ရက်နေ့အထိ သုံးရက်အတွင်း ပစ်သတ်ခံရမှုကြောင့် အမျိုးသား သုံးဦးအထိ သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၇ ရက် ညပိုင်းတွင် ပျူစာထီးဟုဆိုသူ ညင်းမော်ရွာသား ဦးကျော်စိုးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် DDT တပ်ခွဲ ၃ တို့ ပူးပါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ည‌နေပိုင်းကလည်း စွန်တောင်ပေါ်ရွာနှင့် ဖွားဖုတ်ပြင်ရွာကြားတွင် ရင်ဘက်တွင် ဒဏ်ရာဖြင့် ‌သေဆုံးနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အလောင်းလုံးတွေ့ရှိခဲ့သည်။