ပုလောအရှေ့ဖျားတွင် လက်နက်ကြီးကျည်ကျပြီး လူငယ်တစ်ဦးထပ်မံသေဆုံး

0
446

ပုလောမြို့နယ် ပိန္နဲတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ် အရှေ့ဖျားရွာဖြစ်သည့် ပိန္နဲတောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နံနက် ၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“ပစ်တာက ည ၉ နာရီလောက်ကစပြီး (ရွာတွေကို) လျှောက်ပစ်နေတာ။ ရွာထဲ သုံးလုံးလာကျတယ်။ နှစ်လုံးပေါက်တယ်။ တစ်လုံးက မကွဲဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူသည် ပုလောမြို့နယ်၊ တိုကျေးရွာမှ ခေတ္တပြောင်းရွှေ့လာရောက်နေထိုင်သူဖြစ်သည့် မောင်ဇင်ဝိုင်းဟု သိရကြောင်း ဒေသခံများက ပြောသည်။

“သူက လူပျိုပဲသေး။ လာနေတာ သိပ်မကြာသေးဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောဆိုသည်။

သေဆုံးသူ၏ မိဘများ ယနေ့ နံနက်က ရောက်ရှိလာကြပြီး နာရေးစီစဉ်နေကြကြောင်း ဒေသခံများက ပြောသည်။

ပုလောစစ်ကောင်စီတပ်က အရှေ့ဖျားရွာများဖြစ်သည့် ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင် စသည့် ကျေးရွာများ ဘက်သို့ ယမန်နေ့ညမှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ယနေ့ နံနက် ၈ နာရီအထိ ဆက်လက်ပစ်ခတ် နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း မှော်မိကျေးရွာရှိ နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ၅၃ နှစ်အရွယ်ရှိ ဦးစိန်ဝင်း သေဆုံးခဲ့ရပြီးဖြစ်ကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်ကာလတွင် ရွာသားနှစ်ဦး သေဆုံးခဲ့ရပြီဖြစ်သည်။

ပုလော အရှေ့ဖျားကျေးရွာအုပ်စုများဖြစ်သည့် နန်းတောင်၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည်တို့မှာ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်ပြီး ပုလောပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ စစ်ရေးလှုပ်ရှားသည့် နယ်မြေတစ်ခု ဖြစ်သည်။

အဆိုပါကျေးရွာအုပ်စုများအတွင်း စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်လေ့ရှိသည်။