ဘီးလင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက် ငါးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

0
206

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းမ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦးသေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဉ်သည် သံတံတားအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြင်းထန်ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန်၊ သထုံနှင့် ဘီးလင်း ဆေးရုံတို့သို့ ပို့ဆောင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့ထံမှ သိရသည်။

တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်သည် ဘီးလင်းမြို့နယ် အလူးကျေးရွာမှဖြစ်ပြီး ကျိုက်ထိုက ရက်လည် အလှူသို့ သွားသည့် ယာဉ်ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယခု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် သံတံတားအနီးတွင် ဇူလိုင် ၇ ရက်ကလည်း ကုန်တင်ကားတစီး ဘရိတ်ပေါက်ပြီး စစ်သားတစ်ဦးကို တိုက်မိကာ သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။