တောင်ပျောက်တိုက်နယ်တွင် ၂ ပတ်ကြာတိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးများရှိ

0
397
ပုံစာ - တောင်ပျောက်တိုက်နယ်များသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခံရစဥ် (ယခုနှစ် မတ်လအတွင်းက ပုံဟောင်း ဖြစ်သည်)

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။

နှစ်ပတ်တာကာလအတွင်း တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ကိုးဦးကျဆုံးကြောင်း PDF အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T5 က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၅ ရက်တွင် ကစယ်ဒိုကျား တပ်ဖွဲ့က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၀ ရက်တွင် DDF က ရဲဘော် တစ်ဦး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်လေးဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် သဲချောင်းကြီးရွာနှင့် ကျွဲခြံရွာကြား၊ ၇ ရက်နေ့တွင် အလယ်စုရွာ အနောက်ကမ်း အနီး၊ ၁၀ ရက်နေ့တွင် ကျောက်လှေကားရွာ၊ ၁၅ ရက်နေ့တွင် တောင်ပျောက်ရွာ စသဖြင့် တောင်ပျောက် တိုက်နယ် အတွင်းရှိ ကျေးရွာများအနီးတွင် တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုနှင့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများဘက်က ထုတ်ဖော်ပြောဆိုထားသည်။  

ယင်းကာလအတွက် အရပ်သားပြည်သူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စော်ဖျားကျေးရွာနှင့် ကျောက်လှေကားရွာအနီးတွင်ပင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကိုးကြိမ်ခန့် အပြန်အလှန်ပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ဇွန်လ ၃ ရက်နေ့က သဲချောင်းကြီးရဲကင်းစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ယင်းအဖွဲ့များက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကိုလည်း ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာဘက်ကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး စုံစင်ဖျားရွာ မီးသတ်ရုံးနှင့် ကျေးရွာအတွင်း၌လည်း တပ်စွဲထားလိုက်ကြောင်း ဒေသခံများထံမေးမြန်းချက်အရ သိရသည်။

စော်ဖျားရွာဘက်ကို ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့၊ ကစယ်ဒိုကျားတပ်ဖွဲ့၊ ဖက်ဒရယ်စစ်ကြောင်း၊ တောင်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့၊ ထားဝယ်နဂါး၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်-DDT၊ DDF ၊ KNU တပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နောက်ပိုင်း အခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် တောင်ပျောက်တိုက်နယ်အတွင်း စစ်ပြေးရှောင်ပြည်သူ ၆၀၀၀ ကျော်ရှိလာပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဇူလိုင် ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။