ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီး အမျိုးသားအလောင်းတွေ့

0
256

လောင်းလုံးမြို့နယ် ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီးတွင် ယနေ့ (ဇူလိုင် ၁၈) မွန်းလွဲ ၂နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။

ကြည့်မျှော်တောင်ဘုရားမှာ စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် တည်ရှိသည်။

သေဆုံးနေသူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

အလောင်းနံဘေးတွင် ဆိုင်ကယ်တစ်စီး၊ ကြက်ကောင်ရေ အနည်းငယ်နှင့် ခြင်းတစ်လုံးတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရသိရသည်။

၎င်းရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတွေ့ရပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသွားသည်ကို မသိရသေးကြောင်း ဒေသခအချို့က ဆိုသည်။

“ဒီရွာနားကတော့ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ညနေ ခြောက်နာရီခွဲအထိ အလောင်းလာ မကောက်ကြသေးကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါအလောင်းသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းကြောင့်သေဆုံးခဲ့သည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။