မြိတ် တုံးဗျောရွာမှ ပျူစောထီး ဒုခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး

0
387

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနေ ပျူစောထီး ဒုခေါင်းဆောင်မှာ ယနေ့နံနက်တွင် မြိတ်စစ်ဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မနေ့ညက နေအိမ်မှ ကားဖြင့်ထွက်လာသည့် ပျူစောထီးခေါင်းဆောင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိ အုပ်စုတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် ပျူစောထီးဒုခေါင်းဆောင် ဇူဘိုင်နှင့် ကားပေါ်လိုက်လာသည့် ပျူစောထီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယင်းပစ်ခတ်ခံရမှုကြောင့် ပျူစောထီး ဒုခေါင်းမှာ ဦးခေါင်းကျည်ထိကာ မြိတ်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယနေ့အာရုံတက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

“ရွာကိုပြန်သယ်လာပြီး နေ့လယ်လောက်မှာ မြေမြုပ်သင်္ဂြိုဟ်မယ်လို့ သိရတယ်။ ကျန်တစ်ယောက်ကတော့ ဆေးရုံမှာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။

လာရောက်ပစ်ခတ်သူများမှ ပျူစောထီးများ ကိုင်ဆောင်သည့် သေနတ်အရှည်နှစ်လက်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကိုမူ မသိရဟု ရွာသားများ ကပြောသည်။

“ဟိုက ကားဘီးတွေကို အရင်ပစ်တာပြီးမှ ကားအတွင်းထိုးပစ်တော့ သူတို့ကကားထဲကနေ သေနတ်နဲ့ပြန်ပစ်သေးတယ် ပြီးမှ ဆင်းပြေးကြတာ” ဟု မျက်မြင် ဒေသခံအမျိုးသား ကပြောသည်။

သေဆုံးသူ ပျူစောထီးဒုခေါင်းဆောင်သည် ယခင်က လယ်သူရင်းငှါးအလုပ်ကို လုပ်ကိုင်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်လုပ်ပြီးနောက် လက်ရှိအချိန်တွင် ကိုယ်ပိုင်ကား ဝယ်စီးထားသူဖြစ်ကြောင်း ဒေသခံများ ကပြောပြသည်။

ဆေးရုံတွင် တက်ရောက်ကုသနေသည့် ပျူစောထီး တစ်ဦး၏ အမည်နှင့် ဒဏ်ရာအခြေအနေကို တော့မသိရသေးပေ။

စစ်ကောင်စီတပ်မှ တုံးဗျောကျေးရွာတွင် မေလမှစပြီး မဲဖောက်စနစ်ဖြင့် လူငယ်များကို ရွေးချယ်ကာ ကျေးရွာလုံခြုံမှု ကာကွယ်ရန် ပြည်သူ့စစ်(ခေါ်)ပျူစောထီးအဖွဲ့ ကို ဖွဲ့စည်းပေးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

မဲမပေါက်သည့် နေအိမ်များမှာ ထောက်ပံ့ကြေးအနေဖြင့် ၎င်းတို့အဖွဲ့အား တစ်လလျှင် ကျပ်လေးထောင် ပေးနေရကြောင်း သိရသည်။