အသက်ဘေးကြောင့် နေရပ်စွန့်ကြရသူများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မူလက အေးချမ်းတည်ငြိမ်ပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း များကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ယခုအခါတွင် တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုများကို ကြုံတွေ့နေကြရသည်။

စစ်အာဏာရှင် စနစ်ဆန့်ကျင် တော်လှန်ရာတွင် ပါဝင်ကြသည့် လူငယ်၊ လူရွယ်များ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြသည့် ဝန်ထမ်းများမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် တိမ်းရှောင်နေကြရသလို တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရပြန်သည်။

ယင်းအပြင် စစ်ကောင်စီတပ်နှင့်အတူ လှုပ်ရှားနေသည့် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ် ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်ကဲ့သို့ လက်ဝေခံအဖွဲ့များ၏ အသက်ဘေးရန်ရှာမှုကို ကြောက်၍ နေရပ်စွန့်ခွာထွက်ပြေး နေကြရသူများလည်း ရှိနေပြန်သည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကြသူ ၁၅၀၀၀ ကျော်ရှိနေပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဘေးလွတ်ရာ တောတောင်များ၊ ဥယျာဉ်ခြံများအတွင်း ရှောင်တိမ်းကြကာ တိုက်ပွဲငြိမ်သွားချိန်တွင် နေရပ်သို့ပြန်လာကြလေ့ရှိသည်။

အိုးပစ်အိမ်ပစ်၊ လုပ်ငန်းများပစ်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများမှာ နယ်ခြားမြေခြားတွင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။ တည်ငြိမ်အေးချမ်းသည့် မိသားစုဘဝများ ပျက်စီးကြရသည်။

ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် နေရပ်စွန့် တောင်ပိုင်းသားတို့၏ အခြေအနေ အခက်အခဲများကို မေးမြန်းဖော်ပြအပ်ပါသည်။

“သူများသုံးပြီးသား အိမ်သာစက္ကူလည်း ကောက်ရတယ်”

မလေးရှားရောက် CDM ကျောင်းဆရာမတစ်ဦး

DW ။  ဘာကြောင့်ထွက်လာရလဲ။

ဖြေ ။ အဓိကက စားဝတ်နေရေးနဲ့ လုံခြုံရေးကြောင့် ရောက်လာတာ။ ကျွန်မတို့အမေရှိစဉ်က မပူပင်ရဘူး။ ညီမလုပ်အားခအပြင် အမေကခြံထွက်ရောင်းတယ်။ ငွေတိုးလေးနည်းနည်းချေးစားရတော့ စားဖို့လည်ပတ်နေတာပေါ့။

DW ။ ဒီလိုထွက်လာရအောင် ဘယ်လိုအခြေအနေတွေက တွန်းအားပေးတာလဲ။

ဖြေ ။ ညီမမှာအလုပ်ရှိနေရင် လာဖြစ်မှာမဟုတ်ဘူး။ ဘာဝင်ငွေမှမရှိဘဲ ရှိတာရောင်းစားနေတာ ဘယ်လောက်ခံနိုင်မှာလဲ။ ခြံတစ်ကွက်ရောင်းတယ်။ ငါးမူခေါက်ရွှေတစ်ကွင်းရောင်းတယ်။ အဲဒါနဲ့ လည်ပတ်နေတာ မိသားစုနဲ့ ရေရှည်ကိုကြည့်ပြီးထွက်လာတာ၊ အဖေကတော့ပြောတာ ဘယ်မှမသွားနဲ့လို့ ရသလိုဖြစ်အောင်နေမယ်လို့၊ ညီမတစ်ယောက်တည်းဆို ဘယ်အိမ်မှာတက်စားစား ညီမက ရတဲ့ဟာနဲ့စားတတ်တယ်။ နေတတ်တယ်။

DW ။ ပြည်ပကိုထွက်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေ့ကြုံရလဲ။

ဖြေ ။ ဒီကိုလာရတာသက်စွန့်ဆံဖျားဘဲ မလုပ်ဖူးတာတွေလည်းလုပ်ရတယ်။ မကြုံဖူးတာတွေလည်း ကြုံရတယ်။ မကြိုက်ဘူးဆိုတာတွေလည်းစားရတယ်။ သူဌေးဟောက်တာလည်းခံရတယ်။ သူများသုံးပြီးသား အိမ်သာစက္ကူလည်း ကောက်ရတယ်။ ပန်းကန်ဆေးအောက်ခြေသိမ်းအလုပ်တွေအကုန်လုပ်ရတယ်။

DW ။ အဲဒီလိုကြုံခဲ့ရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ မိသားစုကိုကြည့်လို့ စိတ်ရောလူရော ပိုပင်ပန်းရတယ်။ အမေသာရှိခဲ့ရင်လို့ အမြဲတွေးတယ်။ အမေရှိစဉ်ကတော့ လစာထုတ်ပြီးပိုက်ဆံအပ် ကိုယ်ကျတော့ ဘာမှမပူရ ဝမ်းလည်းနည်းတယ်။ တစ်ခါတလေ ဘယ်သူမှ မသိအောင်ငိုမိတယ်။

 DW ။ ကျေးဇူးတင်ပါတယ်။

“သူတို့ရှိလို့ အခုဆိုရွာပျက်နေတာမျိုး ဖြစ်နေပြီ”

ထွက်ပြေးတိမ်းရှောင်နေရသူ ပန်းဒလဲရွာသူတစ်ဦး

(မှတ်ချက် ။ ဧပြီလ ၂၈ ရက်နေ့က ပျူစောထီးအဖွဲ့ဝင်များ ပန်းဒလဲကျေးရွာသို့ လက်နက်များဖြင့် ဝင်ရောက် လာပြီး ရွာသား ၅ ဦးခန့်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ရွာသားများ နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ကြသည်။ ယခုအခါ လူကြီးပိုင်းအချို့ နေရပ်ပြန် နေထိုင်ကြသော်လည်း လူငယ်၊ လူရွယ်များ အပါအဝင် အများစုမှာ နေရပ်မပြန်ရဲဘဲ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်သည်။)

DW ။ ဘာကြောင့်နေရပ်ကို စွန့်ခွာဖို့ဆုံးဖြတ်ရလဲ။

ဖြေ ။ ထွက်လာရတာက ပျူစောထီး တစ်ယောက်သေပြီး နောက်တစ်ရက် အဲဒီပျူတွေက မဆိုင်တဲ့သူတွေ သုံးယောက်ကို ပစ်သတ်တယ်။ ကျွန်မတို့က လူငယ်တွေဆိုတော့ ဆန္ဒပြတုန်းက ပါတယ်။ သူတို့က ဘယ်သူ့ကို သတ်မယ်။ ဖြတ်မယ်မှန်းမသိတော့ ထွက်ပြေးလာရတာပေါ့။

DW ။ တစ်ယောက်တည်းလား။ မိသားစုနဲ့ ထွက်ပြေးလာတာလား။

ဖြေ ။ သူတို့က သားသမီးကို မမိရင် မိဘကိုဖမ်း၊ မဆီမဆိုင် ရွာမှာလည်း ပစ်ခတ်မှုတော်တော်များများ ဖြစ်တယ်လေ။ ကျွန်မက အရင်ထွက်လာတာ၊ ကျွန်‌မအမေတို့က နောက်မှ အခုမိသားစု အတူတူမဟုတ်ဘူး နေရတာ။

DW ။ ထွက်ပြေးလာတာ ဘယ်လောက်ကြာပြီလဲ။ အခက်အခဲတွေရော ဘာတွေကြုံနေရပြီလဲ။

ဖြေ ။ အခုဆိုရင် သုံးလလောက်ရှိနေပြီ ကိုယ့်အိမ်မဟုတ်တော့ နေ၊ စား အိပ် အစစအရာရာပါပဲ။ မိုးလင်းကနေညနေထိ အခက်အခဲပေါင်းစုံပါပဲ။ အဓိကက အလုပ်မလုပ်ရတော့ ငွေရေးကြေးရေးက ပထမဆုံးပေါ့။ သူများဆီမှာနေရင် ငွေရှိမှရတယ်လေ။ အစစအရာရာဝယ်ရခြမ်းရ၊ အိမ်ခန်းငှားရဆိုတော့ ငွေက အဓိကဖြစ်နေတော့ ခက်ခဲမှုက ပေါင်းစုံပါပဲ။

DW ။ နေရပ်စွန့်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာလား။ ဘယ်လိုအကြောင်းအရာတွေလဲ။

ဖြေ ။ ကိုယ်အိမ်တစ်ဆောင် ပစ်ပြီးလာရဖို့ဆိုတာက အခက်အခဲဆုံး အလုပ်ပဲလေ။ ကိုယ့်အိမ်တစ်ဆောင်ကို ထီးထီးကြီး ထားပစ်ခဲ့ရမယ်ဆိုတော့ အသက်အန္တရာယ်ကို ကြောက်လို့သာ ထွက်ပြေးရတယ်ဆိုပေမဲ့ ကိုယ့်အိမ်ကို ဘယ်သူတွေက ဘာလုပ်မယ်မှန်းမှ မသိတာ၊ စိတ်ပူတာပေါ့။ အိမ်ကို ဒီအတိုင်းထားခဲ့ရမှာ။

DW ။ သုံးလဆိုတဲ့ကာလမှာ ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ ။ ဝင်ငွေလည်းမရှိတော့ဘူး။ အလုပ်လည်း မရှိတော့ဘူး။ အရင်ကအလုပ် နေ့တိုင်းလုပ်နေရတယ်။ ဝင်ငွေအရတွက်မယ်ဆိုရင် ဆယ်သိန်းနီးပါးလောက်ကို ဆုံးရှူံးနေပြီ။ အားလုံးပစ်ထားခဲ့ရတယ်လေ။

DW ။ အခုလိုမျိုး ကြုံတွေ့ခံစားနေရတာကို ဘာကြောင့်လို့ထင်လဲ။

ဖြေ ။ တခြားရွာတွေမှာက ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေနဲ့ဖြစ်တယ်။ အဲဒါက နိုင်ငံရေးအရဖြစ်တယ်ဆိုပြီး နားလည်တယ်။ အခုက ပျူစောထီးဆိုတဲ့အဖွဲ့တွေက ကိုယ်ရွာမှာလာပြီး အခြေပြုနေတယ်ဆိုတော့ အခုကသူတို့ကြောင့်ပဲလေ၊ သူတို့ကိုကြောက်လို့သာ ရွာလုံးကျွတ် ထွက်ပြေး ခဲ့ကြရတာ။ တခြားရွာမှာ ကျွန်မတို့ရွာလောက်မဖြစ်ဘူး။ တစ်ရွာတည်း ဆိုးဆိုးရွားရွား ကွက်ပြီးဖြစ်နေတာ။ သူတို့ရှိလို့ အခုဆိုရွာပျက်နေတာမျိုး ဖြစ်နေပြီ။ ပျူစောထီးမရှိတဲ့ရွာတွေမှာ ဒေသခံတွေ ဘယ်မှ ထွက်ပြေးစရာ မလိုဘူး။ အေးချမ်းတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေရတယ်။

DW ။ အဲဒီနေ့က ရွာလုံးကျွတ်နီးပါး ထွက်ပြေးရတဲ့ဖြစ်ရပ်အပေါ် ရွာသားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ သူတို့လုပ်တဲ့လုပ်ရပ်မျိုးက လုံးဝမဖြစ်သင့်တာ။ လူသုံးယောက်ကို တစ်ညတည်း လုပ်ကြံသတ်ဖြတ်ပြတယ်ဆိုတာ လုံးဝလက်သင့်မခံနိုင်စရာ။ ရွာခံပါနေလို့သာ အိမ်ပေါ်ထိ တက်ရောက်ပြီး သတ်ဖြတ်လုပ်ကြံလို့ရတယ်လေ။ ကံစမ်းမဲနဲ့ (ရမ်းသမ်းပစ်လို့ ထိမိတာ) လိုက်ပစ်တာလဲ မဟုတ်၊ ရည်ရွယ်ချက်ရှိရှိလုပ်သွားတာ။

DW ။ ခုချိန်မိသားစုနဲ့ ခွဲနေရတဲ့အပေါ်မှာ ဘယ်လိုခံစားနေရလဲ။

ဖြေ ။ ခံစားရ‌တာပေါ့။ အိမ်ထဲကနေထွက် အထုတ်အပိုးပြင်ကတည်းက ငိုပြီးထွက်လာရတာ။ ကိုယ့်အိမ်ပစ်ခဲ့ရတဲ့ စိတ်၊ ကိုယ်မိသားစုကို ခွဲပြီးလာခဲ့ရတဲ့စိတ် အများကြီးပဲ ဝမ်းနည်းခဲ့ရပါတယ်။

DW။ ကျေးဇူးတင်ပါတယ်။

“ကိုယ့်အိမ်မှာကိုယ်နေကြတဲ့ အိမ်ပြန်မလာကြရင် ချိတ်ပိတ်မယ် ဆိုတော့…”

နေအိမ်တွင် ပြန်လာနေထိုင်သူ ပန်းဒလဲရွာသူတစ်ဦး

DW ။ ဘယ်လိုအခြေအနေကြောင့် ရှောင်ပြီးသွားရတာလဲ။ 

ဖြေ ။ ကျွန်မတို့က သူတို့ကိုကြောက်တာကိုး (ပျူစောထီး)။ သူတို့က လူတွေလိုက်ဖမ်း ပစ်သတ် ကြောက်လို့ပြေးကြတာ။

DW ။ တစ်ယောက်ထဲရှောင်တာလား။ မိသားစုနဲ့လား။ ဘယ်နှစ်ရက်လောက်ကြာလဲ။

ဖြေ ။ တစ်မိသားစုလုံး ဒီလိုပဲပတ်သက်ရာ ပတ်သက်ကြောင်း ရှောင်ပြီး နီးစပ်တဲ့ရွာတွေမှာ သွားနေကြရတာပေါ့။ 

DW ။ ရှောင်နေရတဲ့ကာလမှာဘယ်လိုမျိုး‌ တွေကြုံလဲ။

ဖြေ ။ ကျွန်မက ဆွေမျိူးအိမ်မှာ သွားနေရတယ်ဆိုပေမဲ့လည်း အမြဲတမ်း သူများကျွေးတာ ချည်း စားနေလို့မှ မရတာ ငွေကုန်ကြေးကျများတာပေါ့။ အတူထွက်လာကြတဲ့သူတွေ စားနပ်ရိက္ခာမပါတဲ့ ချို့တဲ့သူတွေလည်း ရှိတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ နေကြတာတွေရှိတယ်။ ရွာခံတွေက ဆန်တွေ ဟင်းချက်စရာတွေ လာပေးကြတယ်။ တချို့ကျတော့လည်း ပါလာတဲ့ လက်ဝတ်လက်စားတွေ ရောင်းချပြီး နီးစပ်ရာတွေမှာ နေရတာတွေရှိတယ်။ အဲဒီလိုနေရတာ ဆယ်ရက်လောက်ရှိပြီ။ ကျွန်မကတော့ ကျန်တဲ့သူတွေ ခုထိပြန်မလာကြသေးဘူး။

DW ။ အခုပြန်လာတာကရော ဘယ်လိုမျိုးအခြေအနေကြောင့် ပြန်လာဖြစ်တာလဲ။

ဖြေ ။ ပြန်မလာတဲ့ အိမ်တွေ ချိတ်ပိတ်မယ်လို့ သူတို့ကပြောတယ်လို့ ပြောသံကြားတယ်။ အဲဒါကြောင့်ပြန်လာတာ။ သူတို့ကို ကြောက်ကြောက်နဲ့ပဲ နေရတယ်။ ကိုယ်အိမ်ကိုယ်ယာမှာ မနေရမှာကိုလည်း ကြောက်တယ်။ တချို့ဆို ပြန်လာပြီး ညဖက် ရွာမှာမအိပ်ရဲကြဘူး။ ကိုယ်မိသားစု စားဝတ်နေရေးကလည်း ရှိသေး။ သူများအိမ်မှာ အမြဲတမ်းသွားနေလို့လည်း မရဘူးလေ။ ဒီလိုကြောက်ကြောက်နဲ့ သတိထားပြီး ပြန်လာနေရတာပေါ့။ ကျွန်မတို့ကလည်း ငယ်ငယ်ကတည်းက မိရိုးဖလား အလုပ်ပဲလုပ်တတ်တော့ တခြား အလုပ်လည်း မလုပ်တတ်ဘူး။ အဓိက စားဝတ်နေရေးကြောင့်ပါပဲ။

DW ။ အခုကရော ရွာမှာစိတ်ချလက်ချနေလို့ရတဲ့ အခြေအနေ ရှိနေပြီလား။

ဖြေ ။ ဘယ်လိုနေလို့ရမှာလဲ။ သူတို့ကို ကြည့်နေရတာပေါ့။ သူတို့ကိုမြင်တဲ့အခါ ရှောင်လို့ရရင် ရှောင်ပြီးနေတယ်။ တည့်တည့်တိုးရင်လည်း တစ်ရွာတည်းသားဆိုတော့ ခေါ်ပြောပြီးသွားနေရတာပေါ့။ ညဖက်ဆို စိတ်ချလက်ချမအိပ်ရဲ။ အိပ်ပျော်လှ တစ်ရေးလောက်ပါပဲ။ ဘယ်အချိန် ထပစ်ကြမလဲ နားထောင်နေရတယ်။ ပြန်လာတဲ့သူတွေအချင်း တချို့ကျတော့ ညဖက်ဆို မိသားစုတွေ ပေါင်းပြီး တစ်အိမ်တည်းစုပြီး နေတာမျိုးတွေရှိတယ်။ တချို့နေ့ဖက်အိမ်မှာနေပြီး လုပ်စရာရှိတာလုပ် ညဖက်ဆို ဘုန်းကြီးကျောင်း ဒါမှမဟုတ် နီးစပ်ရာ ရွာတွေမှာ သွားအိပ်ကြတယ်။

DW ။ နောက်ထပ်ဖြစ်လာလို့ရှိရင် ဘယ်လို လုပ်ဖို့ ပြင်ဆင်ထားတာရှိလဲ။

ဖြေ ။ သူတို့က(ပျူစောထီး) အစည်းအဝေးခေါ်ပြီး ပြောတယ်။ ကိုယ်အိမ်မှာကိုယ်နေကြ။ မကြောက်နဲ့။ လာတိုက်ရင် သူတို့ကိုပဲလာတိုက်တာ၊ သူတို့ပဲသေမှာ၊ ဖုန်းနံပါတ်တွေလည်း လာယူထားကြတဲ့ ဓားပြတွေ လာတိုက်ရင်ဖြစ်ဖြစ် အရေးကြုံရင်ဖြစ်ဖြစ် ဖုန်းဆက်ပါဆိုပြီး ဖုန်းနံပါတ်တွေလိုက်ပေးနေတယ်။ ကိုယ်အိမ်မှာ ကိုယ်နေကြတဲ့။ အိမ်ပြန်မလာကြရင် ချိတ်ပိတ်မယ် ဆိုတော့ အားလုံးက ကြောက်ကြောက်နဲ့ နေရတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“မိသားစုတွေ တကွဲတပြားထွက်ပြေးရတာ”

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ ဒေသခံတစ်ဦး

DW ။ အခုလက်ရှိ ဘယ်မှာနေရတာလဲ။ ဘာကြောင့် ရွာကနေထွက်လာရတာလဲ။

ဖြေ ။ အခုနေတာကတော့ … မြို့မှာပေါ့နော်။ ဒီကိုရောက်တာကတော့ လေးငါးလလောက်ပဲရှိသေးတယ်။ ရွာမှာမနေရဲလို့ ထွက်ပြေးနေရတာက‌တော့ တစ်နှစ်ကျော်ပြီပေါ့နော်။ အာဏာသိမ်းပြီး သိပ်မကြာဘူး။ သမီးတို့မိသားစုက ဆန္ဒပြပွဲမှာ နေ့တိုင်းပါတယ်။ အဖေရော၊ သမီးရော၊ သမီးရဲ့ညီမလေးရော အစ်ကိုရော မိသားစုအားလုံးပါတယ်။ နောက်တော့ သမီးတို့ရွာထဲမှာ ဒလန်တွေက သတင်းပေးလို့ တော်တော်များများ အဖမ်းခံလိုက်ရတယ်။ သမီးတို့လည်း အဲဒီအချိန်ကတည်းက ရော်ဘာတောထဲပုန်းနေကြရတာ။ သမီးအဖေကို နာမည်နဲ့တကွ လာရှာတယ်။ အဲဒီကတည်းက ရွာမှာမနေရဲတော့လို့ ထွက်ပြေးလာကြတာ။ မိသားစုတွေ တကွဲတပြားထွက်ပြေးရတာ။ အခုဆိုရင် အဖေနဲ့အမေကတစ်နေရာ သမီးကတစ်နေရာ၊ သမီးညီမလေးက တစ်နေရာ၊ အစ်ကိုကတစ်နေရာ၊ တစ်ကွဲတပြားစီ‌နဲ့ ကိုယ်အဆင်ပြေတဲ့နေရာ၊ လုံခြုံမယ်လို့ ထင်ရတဲ့နေရာတွေဆီ ပြောင်းနေကြရတာပါ။

DW ။ အရင်က ဘာတွေလုပ်ကိုင်စားသောက်ကြတာလဲ။

ဖြေ ။ သမီးနဲ့ သမီးညီမလေးက (ဌာနဆိုင်ရာ) ဝန်ထမ်း။ အာဏာသိမ်းပြီးမှာ CDM လုပ်လိုက်တာ။ နှစ်ယောက်စလုံး။ အစ်ကိုရယ် အဖေနဲ့ အမေကတော့ (ကိုယ်ပိုင်ခြံမှာ) ရော်ဘာခြစ်တယ်။ CDM လုပ်ပြီး သမီးအလုပ်ထုတ်ခံရတော့ အဖေတို့နဲ့ လိုက်ပြီး ရော်ဘာလိုက်ခြစ်သေးတယ်။ အခုတော့ ရော်ဘာတောလည်း ပစ်ထားလိုက်ရပြီ။ ဒီနှစ်ဆို ရော်ဘာဈေးအရမ်းကောင်းတာ။

DW ။ အခုလိုတခြားနေရာတစ်ခုမှာ တိမ်းရှောင်နေရတာဆိုတော့ အဓိကဘယ်လိုအခက်အခဲ‌တွေ့ကြုံရလဲ။

ဖြေ ။ အဓိကတော့ စိတ်ပေါ့။ စိတ်ကတချိန်လုံးစိုးရိမ်နေရတာ။ တော်ရုံနဲ့အိပ်မပျော်ဘူး။ ဟိုတွေးဒီတွေးနဲ့ပေါ့။ ကိုယ်ကလူငယ်တစ်ယောက်ဖြစ်တော့ ငါဒီအတိုင်းနေလို့လည်းမရဘူးပေါ့။ အဲဒီလိုမျိုး ကိုယ့်အနာဂတ်အတွက်လည်းစိတ်ပူ၊ မိသားစုအတွက်လည်း စိတ်ပူတာပေါ့။ ဖုန်းတစ်ခါဆက်တာနဲ့တန်းပြီး ဖုန်းမကိုင်ရင်ကို ခေါင်းထဲမီးတောက်နေပြီ။ ဘာတွေဖြစ်နေပြီလဲ မသိဘူးဆိုပြီ။ စိတ်ထဲမှာ မလုံခြုံသလို ခံစားနေရတာပေါ့။ ဘယ်နေရာသွားသွား။

DW ။ ငွေရေးကြေးရေး၊ စားသောက်ရေးအပိုင်းမှာကရော။

ဖြေ ။ ဒီမြို့ကို ရောက်လာပြီးမှာတော့ အစစအရာရာ အဆင်ပြေပါ။ အရင်ပုန်းနေရတုန်းကဆို စားစရာမရှိလို့ ဘုန်းကြီးကျောင်းက ဆွမ်းတော်တင်ထားတာကို တောင်စားခဲ့ရတာ။ သူများတွေကိုလည်း အကူညီ မတောင်းရဲဘူး။ ကိုယ့်ထက်ခက်ခဲနေတဲ့သူတွေမှ အများကြီးပဲလေဆိုပြီး စိတ်ကိုတင်းထားခဲ့ရတာ။ သူငယ်ချင်းတွေကလည်း ကူညီပေးကြတာရှိပါတယ်။

DW ။ အခြားရွာကဒေသခံတွေရော ထွက်ပြေးနေရတာရှိလား။ ဘယ်လောက်ရှိလဲ။

ဖြေ ။ သမီးတို့ရွာမှာတော့ ရွာထဲမှာလူမရှိသလောက်ပဲ။ ဒလန်မောင်ရီ (စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး) နဲ့ သူ့ဆွေမျိုးတွေလောက်ပဲ ရွာမှာရှိတော့တာ။ ကျန်တဲ့သူတွေ ကော့သောင်းပြေးတဲ့သူနဲ့ ထိုင်းကိုပြေးတဲ့သူနဲ့ ရွာမှာလူမရှိတော့ဘူး။ အခုဆိုရင် ရွာနဲ့တောင်တူတော့မှာ မဟုတ်ဘူး။ အခုချိန်သမီးတို့ရွာမှာ ရှိနေမယ်ဆိုရင် အသက်ရှင်ချင်မှ ရှင်တော့မှာ။ ဘာဖြစ်လို့လဲဆို သူတို့က သမီးတို့မိသားစုကို အသေရရ အရှင်ရရ လိုချင်နေတာလေ။

DW ။ အခုလိုအိမ်နဲ့အဝေးမှာ တိမ်းရှောင်နေရတာဆိုတော့ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ မိသားစုကိုသတိရတယ်။ သူငယ်ချင်းတွေကိုလည်း သတိရတယ်။ တစ်ခါတလေ မျက်ရည်ပါကျမိတယ်။ ဒါပေမဲ့ကိုယ်ဖြစ်နေတာက ဘာမှမဟုတ်သေးဘူး။ သူများတွေ အသက်တွေရင်းထားရတာ။ ကိုယ့်ထက် ခက်ခဲတဲ့သူတွေ အများကြီးရှိသေးတယ်လို့ စိတ်အားတင်းထားရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။